ထိုင်းနှစ်သစ်ကူးကာလ ယာဉ်မတော်တဆမှုကြောင့် ၃၁၇ ဦးသေဆုံး

ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးကာလ ပြည်တွင်းပြည်ပ ခရီးသွားလာလည်ပတ်သူတွေ သာမန်အချိန်ထက် ပိုများပြီး ယာဉ်မတော်တဆ ထိခိုက်မှုတွေလည်း ဖြစ်လေ့ရှိတာကြောင့် ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၃ ဇန်နဝါရီ ၄ ရက်အထိ ၇ ရက်တာကာလကို ယာဉ်အန္တရာယ် အထူးသတိထားရမယ့် ကာလအဖြစ်သတ်မှတ်ထားပါတယ်။
တနိုင်ငံလုံးမှာ စစ်ဆေးရေး/ကယ်ဆယ်ရေးဂိတ်ပေါင်း ၁,၈၈၀ ဖွင့်ပြီး ဝန်ထမ်းအင်အား ၆၀,၀၀၀ နီးပါးနဲ့ စောင့်ကြပ်စစ်ဆေးခဲ့ပေမဲ့ ယာဉ်တိုက်မှုနဲ့ သေဆုံးဒဏ်ရာရသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ် ကာကွယ်ရေးကော်မတီရဲ့ ဒီကနေ့ ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ နှစ်သစ်ကူးကာလ ၇ ရက်အတွင်း တနိုင်ငံလုံးမှာ ယာဉ်မတော်တဆ ထိခိုက်မှုပေါင်း ၂,၄၄၀ ကြိမ်ဖြစ်ပွားပြီး ဒဏ်ရာရသူ ၂,၄၃၇ ဦးရှိကာ သေဆုံးသူ ၃၁၇ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
မတော်တဆထိခိုက်မှု အများဆုံးဖြစ်ရတဲ့ အကြောင်းရင်းမှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းက သတ်မှတ်ထားတဲ့နှုန်းထက် အမြန်မောင်းနှင်တာ၊ ၂၅ ဒသမ ၄၉ က အရက်သေစာ သောက်စားတာ၊ ၁၈ ဒသမ ၆၉ က ရှေ့ကနေ ဖြတ်မောင်းတာတွေကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။
မတော်တဆထိခိုက်မှု အများဆုံး ယာဉ်အမျိုးအစားက မော်တော်ဆိုင်ကယ်ဖြစ်ပြီး ဖြစ်ပွားချိန်အများဆုံးမှာ မနက် ၁ နာရီဝန်းကျင်လို့ ဆိုပါတယ်။
ထိခိုက်မှုအများဆုံးဖြစ်တဲ့ခရိုင်မှာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ဒဏ်ရာရသူအများဆုံး ကန်ကျနပူရီ ၈၁ ဦးနဲ့ သေဆုံးသူအများဆုံး ချင်းရိုင်းခရိုင် ၁၅ ဦးတို့ ဖြစ်ပါတယ်။
၇ ရက်အတွင်း ယာဉ်အစီးရေပေါင်း ၃၂၇,၄၀၂ စီးကို စစ်ဆေးခဲ့ပြီး ယာဉ်စည်းကမ်း မလိုက်နာလို့ အရေးယူခံရသူ ၄၉,၀၇၂ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မနှစ် ၂၀၂၂ နှစ်သစ်ကူးကာလမှာ မတော်တဆထိခိုက်မှု ၁,၉၀၆ ကြိမ်၊ ထိခိုက်သူ ၁,၈၉၄ ဦးနဲ့ သေဆုံးသူ ၂၂၆ ဦးရှိတာကြောင့် ဒီနှစ် ထိခိုက်သေဆုံးမှုဟာ ပိုများလာတာကို တွေ့ရပါတယ်။