close

ရုရှားက အသံထက်မြန်သည့် ခရုဇ်ဒုံးကျည်တပ် စစ်သင်္ဘော အတ္တလန္တိတ်သမုဒ္ဒရာသို့ စေလွှတ်

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဇန်နဝါရီ ၄ ရက်က အသံထက်မြန်တဲ့ ဇာကွန် ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ်သင်္ဘောတစီးကို အတ္တလန္တိတ်သမုဒ္ဒရာဆီ  စေလွှတ်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်ဂူနဲ့ ဆိုဗီယက်ပြည်ထောင်စုရေတပ်ရဲ့ Admiral of the Fleet ဂတ်ရှ်ကို့ဗ်လို့ နာမည်ပေးထားတဲ့ ဖရီးဂိတ်သင်္ဘောရဲ့ စစ်ဦးစီးမှူး အစ်ဂေါ ခရော့ခ်မယ်လ် တို့နဲ့ ဗွီဒီယိုကွန်ဖရင့်မှာ ပူတင်က ဒီသင်္ဘောမှာ ဇာကွန်ခရုဇ်လို့ခေါ်တဲ့ အသံထက်မြန်တဲ့ လက်နက်တွေ တပ်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။

ခုတကြိမ်မှာ သင်္ဘောမှာ မတူညီတဲ့ အသံထက်မြန်တဲ့ နောက်ဆုံးပေါ် ဒုံးကျည်စနစ် တပ်ဆင်ထားတယ်လို့ ပူတင်ကပြောပြီး ဒါဟာ “အသံထက်မြန်တဲ့ ပင်လယ်ကို အခြေခံတဲ့ စနစ်” ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဂတ်ရှ်ကို့ဗ်သင်္ဘောဟာ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာ၊ မြေထဲပင်လယ်တို့ဆီ ဦးတည် ခုတ်မောင်းမယ်လို့ ရွှိုင်ဂူက ပြောခဲ့ပါတယ်။

“ဒီမှာ အခု ကျနော် ပထမဆုံးပြောချင်တာက ဒီ ထူးခြားတဲ့လက်နက် (Zircon အသံထက်မြန်တဲ့ ခရုဇ်ဒုံးပျံ) ကို ဖန်တီးပြီး အမြောက်အမြားထုတ်လုပ်ခဲ့တဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းက အထူးကျွမ်းကျင်သူတွေကို ကျေးဇူးတင်ချင်ပါတယ်။ ဒီ အားကောင်းတဲ့ လက်နက်ဟာ ရုရှားနိုင်ငံကို အလားအလာရှိတဲ့ ပြင်ပခြိမ်းခြောက်မှုတွေကနေ (မိမိကိုယ်ကို) စိတ်ချယုံကြည်စွာ ကာကွယ်နိုင်မှာဖြစ်ပြီး ကျွန်ုပ်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထမ်းဆောင်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်တယ်” လို့လည်း ပူတင်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up