close

၂၀၂၂ အတွင်းသေဆုံးခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ် ၁၀ ဦးစာရင်းတွင် ကိုဖြိုးဇေယျာသော် ဖော်ပြခံရ

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာကာလအတွင်း သေဆုံးခဲ့ကြတဲ့ ကမ္ဘာ့နာမည်ကျော်ပုဂ္ဂိုလ် ၁၀ ယောက်စာရင်းကို နယူးယောက်ခ်အခြေစိုက် CFR အဖွဲ့က ထုတ်ပြန်ရာမှာ စစ်ကောင်စီရဲ့ မတရား ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်ကိုလည်း ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် အပါအဝင် တခြားသော ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ထည့်သွင်း ဖော်ပြခံခဲ့ရပါတယ်။

ဒီစာရင်းကိုတော့ အမေရိကန် နိုင်ငံခြားရေးမူဝါဒနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ပညာရှင်အဖွဲ့အစည်းတခုဖြစ်တဲ့ Council on Foreign Relations (CFR) က ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအဖွဲ့ကို လွန်ခဲ့တဲ့ ၁၉၂၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ကာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ အဖွဲ့အစည်းတခုအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

(CFR) ရဲ့ ရွေးချယ်ဖော်ပြမှုမှာတော့ ဗြိတိသျှထီးနန်းမှာ သက်တမ်းအရှည်ကြာဆုံး ဘုရင်မတပါးဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်၊ လုပ်ကြံခံရတဲ့ ဂျပန်နိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်ဟောင်း မစ်ဟေး ဂေါ်ဗာချော့ဗ်၊ တရုတ်သမ္မတဟောင်း ကျန်ဇီမင်း စတဲ့ နာမည်ကျော် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ မြန်မာနိုင်ငံက ကိုဖြိုးဇေယျာသော်ကိုပါ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

ကိုဖြိုးဇေယျာသော်ကို ပရိသတ်တွေက နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဟစ်ပ်ဟော့ပ် အဆိုတော်တယောက်အနေနဲ့ သိထားကြတာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို ကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရကာ ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေ အများဆုံးနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်မှ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လေတပ်ဦးစီးချုပ်ဟောင်းနဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာတော့ ကိုဖြိုးဇေယျာသော်ဟာ ကျရာတာဝန်ကို ထမ်းဆောင်ရင်း နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက တက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ပြီးနောက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊ PDF၊ Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ် သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့ပြီး သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် သူနဲ့အတူ မတရားပုဒ်မတပ် သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ကိုဖြိုးဇေယျာသော်ဟာ မြန်မာဂီတလောကမှာ အောင်မြင်ထင်ရှားခဲ့တဲ့ အက်ဆစ် ACID ဟစ်ပ်ဟော့ပ်တေးဂီတအဖွဲ့ရဲ့ အဆိုတော်တယောက်ဖြစ်ပြီး သူ့ကို  နိုက်ထရစ်အက်ဆစ် အဖြစ် ပရိသတ်တွေအကြား လူသိများပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ACID အဖွဲ့ရဲ့ “စတင်ခြင်း” အယ်လ်ဘမ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံး ဟစ်ပ်ဟော့ပ်တေးစီးရီးအဖြစ်လည်း လူများက အသိအမှတ်ပြုထားခဲ့ပါတယ်။‌

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up