ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇန်နဝါရီ ၅ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှုကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းဝင်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲခံရတာကြောင့် စစ်ကား တစ်စီး ထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်တယ်လို့ပြောပေမဲ့ အရေအတွက်အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့က အထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူး စောကျော်မြင့်က ပြောပါတယ်။
ဒေသခံအဆိုအရ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက်လှုပ်ရှားတာ မရှိတော့တဲ့အတွက် နှစ်ဖက်စစ်ရေး ပြန်လည် ငြိမ်သက်နေတာပါ။ ဒါပေမဲ့ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်တပ်တွေမှာ တာဝေးပစ် လက်နက်ကြီးတွေ တပ်ဆင်ပြီး အထိုင်စစ်ရေး ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။