close

‘ဝ’၊ ကိုးကန့်၊ ရှမ်းလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီ သဘောတူလက်မှတ်ထိုး

‘ဝ’ (UWSP) ၊ ကိုးကန့် (NDAA) နဲ့  ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SAA)  ၃ ဖွဲ့ရဲ့ ကိုယ်စားလှယ်နဲ့   စစ်ကောင်စီဩဇာခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့   နေပြည်တော်မှာ ၃ ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီးနောက် ဇန်နဝါရီ ၇ ရက်မှာ သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။

“ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်နဲ့  စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ  ဇန်နဝါရီ ၆ ရက်ကနေ ၇ ရက်ထိ  တွေ့ဆုံဆွေးနွေးသဘောတူညီခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ဆွေးနွေးရာမှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်တွေအရ နှစ်ဖက်သဘောထားတွေကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပေမဲ့ သဘောတူညီချက်မှာ ဘာတွေပါလဲဆိုတာကို ပြည်သူလူထုကို အသိပေးကြေညာတာမရှိပါဘူး။

တရုတ်အထူးသံမန် မြန်မာနိုင်ငံကို ရောက်လာပြီး စစ်ကောင်စီနဲ့ တွေ့ဆုံအပြီးမှာ အခုလို ‘ဝ’၊ ကိုးကန့်၊ ရှမ်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ နေပြည်တော်ကိုရောက်လာပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာလည်း အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

အဆိုပါတိုင်းရင်းသား ၅ ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA) KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အပါအဝင် အချက် ၄ ချက်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up