ကာ့ဒ်လူမျိုးတက်ကြွလှုပ်ရှားသူ ၃ ဦး အသတ်ခံရမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်မှာ ကာ့ဒ်တက်ကြွလှုပ်ရှားသူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၇ ရက်က နိုင်ငံတွင်းနေထိုင်တဲ့ ကာ့ဒ်လူမျိုး ထောင်ပေါင်းများစွာ ဟာ ပဲရစ်မြို့လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပါရီမြို့၊ ခရိုင် ၁၀ ရှိ လူစည်ကားရာ အရပ်က ကာ့ဒ်ယဉ်ကျေးမှုစင်တာနဲ့ အနီးအနားရှိ ကော်ဖီဆိုင်ကို သေနတ်သမားတဦးက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကာ့ဒ်လူမျိုး ၃ ဦး သေဆုံးပြီး နှစ်ပတ်အကြာမှာ ဒီဆန္ဒပြချီတက်မှုပေါ်ပေါက်လာခဲ့တာပါ။
ရဲတပ်ဖွဲ့က အသက် ၆၉ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပြီး သူဟာ ၂၀၂၁ ခုနှစ်က ပဲရစ်မြို့ရှိ ရွှေ့ပြောင်း အခြေချစခန်းတခုကို ဓားနဲ့တိုက်ခိုက်မှုကြောင့် ရုံးတင်စစ်ဆေးနေစဉ် မကြာသေးမီကမှ အကျဉ်းကျထောင်ကနေ လွတ်မြောက်လာခဲ့သူဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ ချီတက်ဆန္ဒပြပွဲဟာ ၂၀၁၃ ခုနှစ် ပဲရစ်မြို့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကာ့ဒ်အမျိုးသမီး ၃ ဦးကို အောက်မေ့သတိရစေဖို့ ရည်ရွယ်တာလို့လည်း သိရပါတယ်။
ဒီဖြစ်ရပ်အတွက် အဓိကသံသယရှိသူက တရားခွင်ကို ရောက်မလာခင်မှာ သေဆုံးသွားတာ ကြောင့် စုံစမ်းစစ်ဆေးမှုကို ရုတ်သိမ်းခဲ့ပြီး ၂၀၁၉ ခုနှစ်မှာမှ အမှုပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
“ပြင်သစ်မှာ ကျမတို့ လုံခြုံတယ်လို့ မခံစားရတာတော့ အမှန်ပါ။ ၁၀ နှစ်ပြည့်တိုင်း ပဲရစ်မြို့မှာ ကာ့ဒ်အသိုင်းအဝိုင်းက လူ ၃ ဦး သတ်ဖြတ်ခံနေရတာကိုတွေ့ရင် ဒေါသထွက်စေပါတယ်” ဆိုပြီး ဆန္ဒပြကာ့ဒ်လူမျိုးတဦးဖြစ်တဲ့ ဆီမီးလ် ရန့်ခ်လီကေးက ဆိုပါတယ်။