close

ကံပေါက်အခြေစိုက် ခလရ-၂၇၃ မှ ထွက်ပြေးသည့် စစ်သား ၅ ဦး ပြန်ဖမ်းမိ

ဓာတ်ပုံ - ခလရ ၂၇၃ အဝင်ဝ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသမှာ အခြေစိုက်တဲ့ ခလရ-၂၇၃ ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ညက ထွက်ပြေးသွားတဲ့ စစ်သား ၅ ဦး ရက်သတ္တပတ်အကြာမှာ ပြန်ဖမ်းမိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာက ဘုန်းကြီးကျောင်းတကျောင်းမှာ ရှိနေတုန်း ပြန်ဖမ်းမိသွားတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “ဘုန်းကြီးကျောင်းမှာရှိနေတုန်း ဘယ်သူတွေလဲ၊ ဘယ်ကလဲ ပြောရင်းနဲ့ စစ်သားတွေမှန်းသိပြီး သူတို့တပ်ရင်းကို အကြောင်းပြန်ကြားလိုက်တာ မိသွားတယ်” လို့ ပြောပါတယ်။

ပြန်ဖမ်းမိတဲ့ စစ်သား ၅ ဦးကိုတော့ တပ်ပြေးအမှုနဲ့ ထောင်ချဖို့ စီစဉ်နေတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အဲဒီ ခလရ-၂၇၃ တပ်ရင်းက စစ်သား ၃ ဦး ထွက်ပြေးပြီး ကလိန်အောင်မြို့နယ်ထဲမှာပဲ ပြန်ဖမ်းမိခဲ့ပါတယ်။

အမှတ်-၂၇၃ ခြေလျင်တပ်ရင်းဟာ ကံပေါက်ဒေသမှာရှိတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူရပြီး ရပ်ရွာနဲ့နီးစပ်တာကြောင့် ထွက်ပြေးဖို့လွယ်ကူတဲ့ တပ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကလည်း ထွက်ပြေးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကံပေါက်ဒေသမှာ အဲဒီ စစ်ကောင်စီတပ်သား ၅ ဦး ထွက်ပြေးတယ်ဆိုတဲ့ သတင်းထွက်ပြီးတဲ့နောက် ဇန်နဝါရီ ၄ ရက်ကနေ ၈ ရက်အထိ တိုယ်နယ်အတွင်းက ကျေးရွာတွေမှာ မောရဝတီ ရေတပ်ဌာနချုပ်က စစ်ကောင်စီအဖွဲ့တွေ ဦးဆောင်ပြီး လှည့်ကင်း ပတ်ကင်းတွေနဲ့ ရှာဖွေခဲ့ပါတယ်။

ဒါ့အပြင် လမ်းဆုံလမ်းခွတွေမှာ လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အစစ်ဆေးခံခဲ့ရတဲ့သူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up