close

စစ်ကောင်စီလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အန်အယ်လ်ဒီအစိုးရလက်ထက်က ပမာဏ၏ ၃ ပုံ ၁ ပုံသာ ဝင်ရောက်

မြန်မာနိုင်ငံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ  ၉ လအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ၁ ဒသမ ၄၆၂ ဘီလီယံသာ ဝင်ရောက်ခဲ့ပြီး အဲဒီပမာဏဟာ အရင် အန်အယ်လ်ဒီအစိုးရ လက်ထက်က ဝင်ရောက်ခဲ့တဲ့ ပမာဏရဲ့ သုံးပုံ တစ်ပုံသာရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၄ ဒသမ ၈ ဘီလီယံကျော်ထိ ဝင်ရောက်ခဲ့ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့  အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလီယံဝင်ရောက်ခဲ့ပြီး ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂  ကြားကာလ ဘတ်ဂျက် ၆ လ မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၄၀ ကျော်ပဲ ၀င်ရောက်ခဲ့ပြီး ဆယ်စုနှစ်အတွင်း ၀င်ရောက်မှုအနည်းဆုံး ဖြစ်ခဲ့ပါတယ်။

အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်ပြည့်မီဖို့ ၃ လအလိုမှာလည်း  ၁ ဒသမ ၄၆၂ ဘီလီယံသာ ဝင်ရောက်ထားတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် မတည်ငြိမ်မှု/မရေရာမှုတွေနဲ့ စိန်ခေါ်မှုတွေ များလာတာ၊ ဆုံးရှုံးနိုင်ခြေများပြီး အကျိုးအမြတ် ပြန်ရနိုင်ခြေနည်းနေတာတွေကြောင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ ပြန်လည်ထွက်ခွာတာ၊ အသစ်ဝင်ရောက်တာ နည်းနေတာလို့ မြန်မာ့စီးပွားရေး စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ အာာဏာသိမ်းစစ်တပ် တာဝန်ယူထားတဲ့ ကာလအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမူတွေကို ပြန်ကြည့်ရင် စွမ်းအင်ကဏ္ဍ၊ ကုန်လုပ်ထုတ်မှုကဏ္ဍနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာသာ အထိုက်အလျောက် ဝင်ရောက်မှုရှိခဲ့ပါတယ်။ ကျန်လုပ်ငန်းကဏ္ဍတွေမှာတော့ အနည်းငယ်ပဲ ဝင်ရောက်ခဲ့တာပါ။

အခုဘဏ္ဍာနှစ် ၉ လအတွင်းမှာလည်း စွမ်းအင်ကဏ္ဍကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်နဲ့ ရင်းနှီးမြှပ်နှံမှုပမာဏ အများဆုံးဝင်ရောက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍမှာ သန်း ၄၀၀ကျော်နဲ့ ဒုတိယ အများဆုံးဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။

စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အခုဘဏ္ဍာနှစ် ၉ လအတွင်းမှာ ကန်ဒေါ်လာ သန်း ၁ ဒသမ ၁၅၄ ဘီလီယံအထိ ရှိပါတယ်။ ဟောင်ကောင်က   ကန်ဒေါ်လာ ၁၆၅ သန်းကျော်နဲ့  မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေတာပါ။

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ ကန်ဒေါ်လာ ၉၅ သန်းကျော်သာရှိပြီးတော့ တတိယနေရာမှာ ရပ်တည်နေပေမဲ့ တစ်နှစ်ထက် တစ်နှစ် ရင်းနှီးမြှုပ်နှံမှု ပမာဏ လျော့ကျလာတာ တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up