close

မဲဆောက်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနှင့် ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး သင်္ချိုင်းကုန်းအနီး ကြံပင်တွေကြားမှာ ပုန်းအောင်းနေတဲ့ မြန်မာနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာကြောင်း သတင်းပေးပို့ချက်အရ ထိုင်းစစ်တပ် နရဲစွန် ခြေမြန်တပ်ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၈ ရက်က မဲဆောက်မြို့ ထာ့ဆိုင်လွတ်အုပ်စု ဘန့်ဝမ်းမုန့်ရွာ သုသာန်အနီး ကြံခင်းထဲကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကနဦးမှာ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးကို ဖမ်းဆီးရမိပြီး ပွဲစားကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကြံပင်တွေကြား ဝင်ရောက်စစ်ဆေးရာမှာ ပုန်းအောင်းနေသူ ကလေးရော လူကြီးပါ စုစုပေါင်း ၇၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

၇၁ ဦးမှာ အသက် ၁၈ နှစ်မှ ၃၀ ကြား လူငယ်လူရွယ်နဲ့ အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကြား ကလေးတွေ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး၊ ဘာမှတ်ပုံတင်မှမရှိဘဲ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပြောသူ အမျိုးသား ၄၀၊ အမျိုးသမီး ၁၀ ဦးပါပြီး အဲဒီထဲမှာ အသက် ၁၀ နှစ်အောက် ကလေး ၁၀ ယောက် မှီခိုသူအနေနဲ့ လိုက်လာပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အားလုံး ရခိုင်ပြည်နယ်ကဖြစ်ပြီး ပြီးခဲ့တဲ့သောကြာနေ့က မြဝတီဘက်ကနေ လှေစီးကာ ထိုင်းဘက်ခြမ်းကို ကူးလာတာလို့ ဆိုပါတယ်။

ဦးတည်ချက်မှာ မလေးရှားနိုင်ငံကို သွားဖို့ဖြစ်ပြီး ပွဲစားခအနေနဲ့ ၁ ဦးကို ဘတ် ၈၀,၀၀၀ ပေးရမှာဖြစ်ကြောင်း၊ အကုန်လုံး တနေရာတည်း ပေးချေတာမဟုတ်ဘဲ အဆင့်ဆင့်ပေးရတာ ဖြစ်ပြီး မလေးရှားရောက်မှ အားလုံးပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလူကုန်ကူးမှုမှာ မဲဆောက်က အမျိုးသမီးပွဲစား ၁ ဦး ပါဝင်ပတ်သက်တယ်လို့ သိရပြီး ကွင်းဆက်တွေ ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ တာဝန်ရှိသူ ၁ ဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။

Ref-NNA/Ch3Plus

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up