close

ကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီးပစ်သဖြင့် အရပ်သား ၁ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  တပ်မဟာ-၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင်က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကျိုက်ထိုအခြေစိုက် တပ်မ-၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၂ တပ်ရင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် ည ၇ နာရီခွဲက ကျိုက်ထိုမြို့နယ်၊ ဝင်းကလောကျေးရွာအုပ်စု၊ လှည်းလမ်းကူးကျေးရွာထဲကို လက်နက်ကြီး ၆၀ မမ ၂ လုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဦးကျော်မြင့် နေအိမ်နဲ့ မမိဖြူ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၃ နှစ်အရွယ် ဦးကျော်မြင့်နဲ့ မမိဖြူရဲ့ အသက် ၁၆ နှစ်အရွယ် သမီး မဖြူနှင်းသူတို့ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက် ည ၇ နာရီခွဲလောက်ကလည်း သိမ်ဇရပ်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၂၀၇ နဲ့ အမှတ်-၃၁၀ အမြောက်တပ်ရင်းကနေ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာထဲကို လက်နက်ကြီး ၁၂၀/၆၀ မမ ၈ လုံး ပစ်ခတ်ခဲ့တာပါ။

အဲဒီလက်နက်ကြီးကျည်တွေဟာ သရက်ခြံအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၆ နှစ်အရွယ် ကိုဇော်မိုးလွင် ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် မောင်ထက်မြတ်လမင်း အပါအဝင် မိသားစုဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကေအန်ယူ သထုံခရိုင် မိတ်ဘက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်ကတော့ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ အရပ်သားပြည်သူတွေကို မတရားသတ်ဖြတ်ဖို့ လုပ်ဆောင်တာဖြစ်ပြီး အခုလို အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး မကြာခဏ ပစ်ခတ်နေတာကြောင့် ဇီးပြောင်း၊ ဝင်းကံ၊ ပျဉ်းကတိုးကုန်း၊ ကျောက်ဖျာနဲ့ ဝင်းကလော ကျေးရွာအုပ်စုက ဒေသခံ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူ က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up