close

မလေးရှားတွင် ချင်းတိုင်းရင်းသားများ အပါအဝင် နိုင်ငံခြားသားများ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ ယူအန် အသိအမှတ်ပြုကတ် ကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး အဖမ်းခံရသူ အများစုက ချင်းတိုင်းရင်းသားတွေဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။  

မလေးရှားနိုင်ငံ၊  ကွာလာလမ်ပူမြို့၊ ဂျလန်အမ်ဘီမှာ နေထိုင်နေကြတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ဇန်နဝါရီ ၆ ရက်နေ့ သန်းခေါင်ယံကျော်အချိန်မှာ မလေးရှားနိုင်ငံအစိုးရ ဌာနစုံပါဝင်တဲ့ ဝန်ထမ်းအင်အား ၁၀၀ ကျော်ရဲ့ ဝင်ရောက်ရှာဖွေဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

အဖမ်းခံခဲ့ရသူ အများစုက တတိယနိုင်ငံကိုသွားဖို့ စောင့်ဆိုင်းနေကြတဲ့သူတွေနဲ့ လျှောက်ထားဆဲသူတွေဖြစ်ပြီး အဖမ်းခံခဲ့ရတဲ့သူတွေထဲမှာ မွေးကင်းစကနေ ၁၀ နှစ်ကြားကလေး ၃၀ ကျော်နဲ့ သက်ကြီးရွယ်အို ချင်းတိုင်းရင်းသားတွေ ပါတယ်လို့ မလေးရှားမီဒီယာတွေက ဖော်ပြကြပါတယ်။ 

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ချင်းတိုင်းရင်းသားတွေအများစုဖြစ်ပြီး အဖမ်းခံခဲ့ရတဲ့သူတွေထဲက တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် ချင်းဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ပေါလ်ငွန်လွဲထန်းက  ပြောပါတယ်။

မလေးရှားအစိုးရက အခုလို ရှာဖွေဖမ်းဆီးမှုတွေဆောင်ရွက်တာဟာ နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေကျလုပ်ငန်းစဉ်တခုဖြစ်ပြီး အဲဒီစစ်ဆင်ရေးကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီစစ်ဆင်ရေးမှာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ မြန်မာ၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတွေက နိုင်ငံခြားသား ၁၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ၅၀၀ ကျော်ကိုဖမ်းဆီးခဲ့တာလို့ စစ်ဆင်ရေးခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှားမီဒီယာတွေက  ရေးပါတယ်။ 

လက်ရှိမလေးရှားနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါနေထိုင်နေကြတဲ့သူ ၈ သိန်းကျော်ရှိပြီး ဖမ်းဆီးခံရတဲ့သူတွေကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းမရှိအောင် ယူအန်အေဂျင်စီကို အမည်စာရင်းအားလုံး ပေးပို့ထားတယ်လို့ ဖမ်းဆီးခံရသူတွေလွတ်မြောက်အောင် ဆောင်ရွက်ပေးနေသူက လျန်ခူးလ်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဆီကနေ သိမ်းဆည်းခဲ့တဲ့ပစ္စည်းတွေထဲမှာ Matu Social Organization (MSO) လူမှုအဖွဲ့အစည်းက ထုတ်ပေးတဲ့ကတ်ပြားတွေလည်း သိမ်းဆည်းခဲ့တယ်လို့ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သူရဲ့ပြောဆိုမှုကို ကိုးကားပြီး မလေးရှားမီဒီယာတွေက ရေးသားကြပါတယ်။

MSO အဖွဲ့ဟာ မြန်မာနိုင်ငံကလာတဲ့ ချင်းတိုင်းရင်းသားတွေကို ကတ်တွေထုတ်ပေးထားတာဖြစ်ပြီး လက်ရှိမှာ အဲဒီကိစ္စနဲ့ပတ်သက်လို့ မလေးရှားအစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပြီးဖြစ်တယ်လို့ MSO အဖွဲ့အစည်းရဲ့ ပြောခွင့်ရသူက  ဒီဗွီဘီကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up