close

ပုလဲမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ဒီပဲယင်း ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၁၁ နာရီ ၄၀ မိနစ်မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးတဦးကျဆုံးတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ဗိုလ်ဂဠုန်အဖွဲ့ ခေါင်းဆောင်က “ကျနော်တို့ဘက်က သရက်ကန်ရွာက ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် ရွာကိုမီးရှို့လို့ သူတို့ဘက်က ပျူရွာကို သွားတိုက်ခဲ့တာဗျ။ သူတို့အရှေ့ကင်းအထိ ကပ်ပြီး ပစ်နိုင်ခဲ့တယ်ဗျ။ ကင်းတဲ ၂ လုံးကိုလည်း မီးရှို့နိုင်ခဲ့တယ်။ ပျူတကောင်လည်း ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးထားတဲ့ အလောင်းတလောင်းလည်း တွေ့ခဲ့ရတယ်ဗျ။ အလောင်းကိုတော့ ကင်းတဲနဲ့အတူ မီးသင်္ဂြိုဟ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က အထိအခိုက်၊ အကျအဆုံးမရှိဘဲ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲကို ဗိုလ်ဂဠုန်အဖွဲ့၊ သခင်ဒေါင်းညိုအဖွဲ့၊ Myanmar for အဖွဲ့၊ ဆံရှည်ကိုစိုင်းအဖွဲ့ စတဲ့ ဒေသခံ local အဖွဲ့ ၄ ဖွဲ့နဲ့ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက အင်းတိုင်လေးကျေးရွာနဲ့ ချောင်းနားကျေးရွာကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ နှစ်ရွာပေါင်း အိမ်ခြေ ၄၁ လုံးလောက် မီးလောင်ပျက်ဆီးသွားပြီး အင်းတိုင်လေးကျေးရွာထဲက အသက် ၈၅ နှစ်အရွယ် အမျိုးသားတဦးကတော့ မရှောင်တိမ်းနိုင်တော့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ကတော့ အတတ်နိုင်ဆုံး လိုအပ်တဲ့အကူအညီတွေ ပေးအပ်နေပါတယ်။ အခုတလော မီးသင့်အိမ် များတဲ့အတွက် ဆန်တပြည် ငွေတသောင်းပဲ ပေးနိုင်တယ်။ နိုင်ငံတကာအနေနဲ့ရော ပြည်သူများပါ အတတ်နိုင်ဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ပေးဖို့ပဲ အဓိက တောင်းဆိုချင်ပါတယ်” လို့ ဒီပဲယင်းမြို့နယ် ထောက်ပို့အဖွဲ့ဖြစ်တဲ့ ဒီပဲယင်းညီနောင်များအဖွဲ့ရဲ့ တာဝန်ခံ ကိုကြီးဖြိုးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနေရာမှာ တိုက်ပွဲတွေမရှိဘဲနဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ပြီး အခုလို သတ်ဖြတ်သွားတာဖြစ်ကာ ရွေးကောက်ပွဲနီးလာတာနဲ့အတူ နယ်မြေစိုးမိုးမှု ပြန်လိုချင်တဲ့အတွက် အခုလို နယ်မြေတွေကို ပြန်သိမ်းနေတာ ဖြစ်နိုင်တယ်လို့ ဒီပဲယင်းဒေသခံတဦးက ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာ ၂၀၂၃ ခုနစ် ဇန်နဝါရီလ ဒုတိယပတ် အစပိုင်းထိ ၁၁ ရက်အတွင်း ကျေးရွာပေါင်း ၁၂ ရွာက အိမ်ခြေပေါင်း ၃၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့သတ်ဖြတ်ခံရသူ ၂ ဦးနဲ့ ၆ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသတွင်း သတင်းအချက်လက်တွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up