close

ခမရ ၂၆၆ တပ်သားတဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ

ချင်းပြည်နယ် ဟားခါးအခြေစိုက် ခမရ ၂၆၆ တပ်ရင်းက စစ်ကောင်စီတပ်သားတဦး DF-Zophei ဆီ လက်နက်ခဲယမ်းအပြည်စုံနဲ့ အလင်းဝင်ရောက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ CDF-Zophei က ပြောပါတယ်။

ဟားခါးမြို့နယ်အခြေစိုက် ခမရ ၂၆၆ က စစ်ကောင်စီတပ်သားတယောက်ဟာ စစ်အာဏာရှင်ရဲ့ လက်အောက်မှာတာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ ဇန်နဝါရီ ၆ ရက်နေ့မှာ လက်နက်ခဲယမ်းအပြည်စုံနဲ့ အလင်းဝင်ရောက်ခဲ့တာလို့ CDF-Zophei ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်သားဟာ MA1 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန်တွေနဲ့ အတူ အလင်းဝင်ရောက်ခဲ့လို့ ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးပြီး အေးချမ်းလုံခြုံတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

နောက်နောင်မှာလည်း စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ပြီး လက်နက်ခဲယမ်းအပြည်စုံနဲ့ အလင်းဝင်လာမယ့် စစ်ကောင်စီတပ်သားတွေနဲ့ရဲတပ်ဖွဲ့ ဝင်တွေကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up