close

အင်းလေးတိုက်ပွဲတွင် PDF ၆ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများနှင့်အတူ ၈ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ဘုန်းကြီးတပါး အပါအဝင် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ၊ အင်းတိန်ညောင်အုတ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးဇဝန (ခ) ဦးစိုးသန်းဝင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေကို ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီး ဆရာတော်ရဲ့ ထွက်ဆိုချက်နဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ ဟဲဟိုးမြို့ ၊ ညောင်ခါးရှည် ကျေးရွာအနီးမှာ  PDF တွေကို ကူညီပေးနေသူ ၁ ဦး၊ ဟဲဟိုးမြို့ နန္ဒဝန် စားသောက်ဆိုင်မှာ ရှမ်းတောင် PDF ခေါင်းဆောင် ကိုဇော်ဇော်အောင်နဲ့ ကိုအိုက်ရွန်တို့ကို ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် အတောင့် ၅၀၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး တို့နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၃၀ ရက်မှာတော့ စစ်ကောင်စီလှုပ်ရှားမှုကို PDF တွေဆီ သတင်းပေးပို့နေတဲ့ မတင်တင်ညို(ခ) မလေးကို တောင်ကြီးမြို့ရှိ သူမရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့သလို PDFတွေကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှ  ကိုမင်းမင်းဦးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ PDFခေါင်းဆောင် ကိုဇော်ဇော်အောင် ထွက်ဆိုချက်နဲ့ PDF တွေ ခိုအောင်းနေတဲ့ ညောင်ရွှေမြို့ လုံကန်ကျေးရွာ၊ တောင်တိုကျေးရွာ၊ တောင်ခြားပြင် ကျေးရွာ အနီးတဝိုက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် PDF တပ်ဖွဲ့ဝင် ၂၀ လောက်နဲ့ ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး PDF ခေါင်းဆောင် ကိုဖိုးခွား (ခ) အင်းဖိုးခွား အပါအဝင် PDF ၅ ဦး ကျဆုံးခဲ့ပြီး AK 47၊ M4၊ MF 12၊ ကာဘိုင်၊ လောင်ချာ ၁ လက်စီနဲ့ လက်လုပ်သေနတ် ၇ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု၊ စကားပြောစက် ၄ လုံး၊  Drone ၁ စင်း၊ မြေပုံ ၇ ရွက်၊ ယူနီဖောင်း ၈ စုံနဲ့အတူ ဖောက်ခွဲရေး ပစ္စည်းများ သိမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းကလည်း ညောင်ရွှေမြို့နယ် ကံရွာကျေးရွာ အနီးမှာ PDF တပ်ဖွဲ့ဝင် ၂ ဦးကိုအရှင် ဖမ်းဆီးရမိပြီး ၁ ဦးကို ပစ်သတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖမ်းဆီးဖို့ ကျန်နေသေးတဲ့ PDF ခေါင်းဆောင်တွေအပါအဝင် PDF အဖွဲ့ဝင် ၇၀ လောက်ဟာ လက်နက်ကိုယ်စီ ကိုင်ဆောင်ကာ ပင်လောင်း ၊ညောင်ရွှေ ၊ အင်းလေး ဒေသအတွင်း လှုပ်ရှားသွားလာနေတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက်က ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု အမှတ်(၁၀၀၅) တပ်ရင်းမှ တော်လှန်ရေးရဲဘော်တွေ ဖြစ်ကြတဲ့ ဆရာကျောင်း(ခ)ဇော်ဇော်အောင် နဲ့  ရဲဘော်အိုက်ရွန် တို့ဟာ ကလောကို အစာအိမ်ရောဂါကုသဖို့ သွားရောက်စဉ် စစ်ဆေးရေးဂိတ်တခုမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ United Southern Shan Federal Union (USSFU) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

USSFU တာဝန်ရှိသူက "အဓိက ရှောင်တခင်စစ်ဆေးမှုတွေကြောင့်လို့ ပြောလို့ရပါတယ်။ စစ်တပ်အပြင် PNO နဲ့ ပျူစောထီးတွေပါ ပါတယ်လို့ လတ်တလောသတင်းအရ သိရပါတယ်။ လက်ရှိအခြေအနေကတော့ စစ်ကြောရေးကို ပို့ဆောင်ခံထားရပါတယ်။ ဘယ်နေရာလဲ ဘယ်လိုအခြေအနေတွေရှိနေလဲဆိုတာကို စုံစမ်းနေပါတယ်”လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up