close

အင်းလေးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ရွာသားများ ပြန်လည်လွတ်မြောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကနေ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားတဲ့ ရွာသား အယောက် ၃၀ ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးဒေသခံတဦးက “တောင်ပို့ကြီးရွာက နာရေးအိမ်မှာ ဆွမ်းပြင်နေတဲ့ ပြည်သူအယောက် ၃၀ ကို စစ်တပ်၊ ပျူစောထီးနဲ့ PNO တွေက လူစုလူဝေးလုပ်တယ်ဆိုပြီး ဖမ်းသွားတာ၊ အခုပြန်လွှတ်ပေးလို့ လွတ်လာပြီး လူငယ်စင်တာက ဖမ်းထားတဲ့သူ ၄ ယောက်ကတော့ လွတ်လာတာ မကြားသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ကနေ စတင်ကာ အင်းလေးဒေသ အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေအတွင်းကို စစ်တပ်၊ ပျူစောထီးနဲ့ ပအိုဝ်းပြည်သူစစ်အဖွဲ့ (PNO) တို့ ပူးပေါင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမာခံအိမ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အိမ်တွေအပြင် တခြား ပြည်သူ့နေအိမ်တွေကို စီးနင်းရှာဖွေပြီး မသင်္ကာတဲ့သူတွေကို ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီထဲက ပြည်သူအယောက် ၃၀ ကျော် ပြန်လည်လွတ်မြောက်လာတာလို့ ဆိုပါတယ်။ လက်ရှိအချိန်ထိလည်း ကျေးရွာတချို့ကို စစ်ကောင်စီတပ်က လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လူဦးရေစာရင်းတွေ လိုက်လံကောက်ခံနေပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗုဒ္ဓဟူးနေ့က သပြေပင်ကျေးရွာ အရှေ့ဘက်ခြမ်းကို စစ်တပ်ရဲ့ တပ်မ ၅၅ က လက်နက်တွေနဲ့ ဝင်လာပြီး အိမ်ထောင်စုစာရင်း ကောက်တယ်။ PDF နဲ့ အဆက်အသွယ် လုပ်ဖူးလား။ လူစိမ်းတွေလာတာ မြင်လား။ ရွာထဲကို PDF ဝင်လားဆိုပြီး လိုက်စစ်ဆေးနေတယ်” လို့ အင်းလေးဒေသခံတဦးက ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်က ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သန်းတောင်ရွာနဲ့ ဘုရားနီကျေးရွာမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံး ရှိခဲ့ပါတယ်။

အင်းလေးဒေသအတွင်းက အင်းတိန် ညောင်အုပ် ကျောင်းထိုင်ဆရာတော် အပါအဝင် အရှင်ဖမ်းမိ PDF ၄ ဦး၊ ကျဆုံး PDF ၄ ဦးအပြင် PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးထားတယ်လို့ ဇန်နဝါရီ ၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up