close

ရွှေစျေးနှင့် ဒေါ်လာဈေး ပြန်လည်မြင့်တက်၊ သတ်မှတ်ရည်ညွှန်းစျေးဖြင့် အရောင်းအဝယ်မရှိဘဲ စျေးကွက်ပျက်

ပြင်ပဝေဈးကွက်မှာ ဒေါ်လာငွေလဲနှုန်းနဲ့ ရွှေစျေး ပြန်လည်မြင့်တက်နေပေမဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ရည်ညွှန်းဈေးနှုန်းနဲ့ အသင်းဝင်တွေအချင်းချင်းကြားမှာတော့ ရောင်းသူဝယ်သူမရှိလို့ အရောင်းအဝယ် အဖြစ်ဘူးလို့ အဆိုပါအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီ (မီးလင်း) အခေါက်ရွှေဈေးနှုန်းဟာ ဇန်နဝါရီ ၁၁ ရက်က ၁ ကျပ်သားကို ၂၈ သိန်းကျော် ပေါက်ဈေးရှိခဲ့ပေမဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အဆိုပါဈေးနှုန်းဟာ ကောလာဟလသာဖြစ်ပြီး ဈေးနှုန်းအမှန်က ကျပ် ၂၇ သိန်းအောက်သာ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ ပြင်ပရွှေဈေးကွက်မှာ ရောင်းဝယ်သူတွေဟာ ဈေးကစားပြီး ရွှေဈေးနှုန်းကို ဆွဲတင် ဆွဲချ နေတဲ့အတွက် အဖြစ်အပျက်အမှန်တွေကို ဌာနဆိုင်ရာက စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဈေးကစားသူတွေအနေနဲ့ ကောလာဟလတွေ လွှင့်ထုတ်တာနဲ့ ဈေးကစားတာတွေ မပြုလုပ်ကြဖို့ သတိပေး ထားပါတယ်။

ဒီဗွီဘီက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံ ဆက်သွယ်ပြီး အဆိုပါ ထုတ်ပြန်ချက်နဲ့အတူ ရွှေဈေးနှုန်း အမှန်ပေါက်ဈေးနဲ့ အရောင်းအဝယ် အခြေအနေကို မေးမြန်းခဲ့ရာမှာ အဆိုပါအသင်းမှ တာဝန်ရှိသူတဦးက “အသင်းရုံးရဲ့ ရည်ညွှန်းဈေးကတော့ ၂၂ သိန်း ၃ သောင်း ၆ ထောင်ပါ။ ဒါက ဒီမနက် ရည်ညွှန်းဈေးပေါ့နော်။ ကျန်တဲ့ဟာတော့ ကျနော်တို့ လောလောဆယ် မီဒီယာကို ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ အပြင်မှာ အရောင်းအဝယ်ဖြစ်တဲ့ဈေး ကျနော်တို့မသိဘူးဗျ။ အပြင်ဈေးကို သွားပြီး ကျနော်ကဖြေရင် အပြင်ဈေးကို အတည်ပြုပေးသလို ဖြစ်သွားမယ်လေ။ ကျနော်တို့လည်း ရည်ညွှန်းဈေးနဲ့ပဲ လောလောဆယ် ပြောနိုင်တယ်။ သူတို့ ညွှန်ကြားထားတဲ့ အတိုင်းပဲလေနော်။ အသင်းမှာတော့ အလုပ်မဖြစ်ဘူး။ ရောင်းတဲ့သူရော မရှိဘူး၊ ဝယ်တဲ့သူလည်း မရှိပါဘူး။ အဓိက ရောင်းတဲ့သူ မလာဘူးပေါ့နော်။ အသင်းဈေးကွက်ကတော့ ဘာမှအလုပ်မဖြစ်ဘူး” လို့ ပြောပါတယ်။

ဝါရင့်ရွှေကုန်သည်တဦးကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ပြည်တွင်းဈေးကွက်ကို ကမောက်ကမဖြစ်စေဖို့ တာစူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရွှေဈေးက ၂၈ သိန်းအပေါ်မှာတော့ ကြားရတာပဲ။ အန်ကယ်တို့လည်း ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။ အခုဟာကလေ အဲ့လိုတွေ ဖြစ်နေရတယ်။ ဈေးကမငြိမ်တော့ အရောင်းအဝယ်တွေ သိပ်မလုပ်ကြတော့ဘူး။ ရပ်နေကြတာပေါ့။ ဒါက ဈေးကွက်ကို ကမောက်ကမ ဖြစ်စေနိုင်တဲ့ အခြေအနေတွေပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်အတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းရွှေဈေးနှုန်းဟာ ၁ ကျပ်သားကို ၂၂,၁၇,၂၀၀ ကျပ် ရှိပေမဲ့ အသင်းဝင်တွေအချင်းချင်း အကြားမှာတော့ ၁ ကျပ်သားကို ၂၇ သိန်းအောက်နဲ့ အရောင်းအဝယ်ရှိခဲ့တဲ့ သဘောပါ။ 

ဒါပေမဲ့ အပြင်မှာ အရောင်းအဝယ်ဖြစ်တဲ့ဈေးနှုန်းက ၁ ကျပ်သားကို ၂၈,၄၀,၀၀၀ ကျပ်ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးကတော့ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁,၈၈၂ ရှိခဲ့ပါတယ်။ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းကလည်း အမေရိကန် ၁ ဒေါ်လာကို ၂,၈၅၀ ကျပ်နဲ့ အရောင်းအဝယ် ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ ရန်ကုန်တိုင်းရွှေအသင်းရဲ့ ရည်ညွှန်းဈေးက ၁ ကျပ်သားကို ၂၂,၁၉,၆၀၀ ကျပ် သတ်မှတ်ထားပေမဲ့ အပြင်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းက ၁ ကျပ်သားကို ၂၈,၆၀,၀၀၀ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁,၈၈၄ ရှိခဲ့ကာ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို ၂,၈၈၀ ကျပ်နဲ့ အရောင်းအဝယ် ရှိခဲ့ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်အတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေဈေးနှုန်းက ၁ ကျပ်သားကို ၂၂,၃၆,၀၀၀ ကျပ် သတ်မှတ်ထားပြီး အရောင်းအဝယ် မရှိပါဘူး။

ပြည်တွင်းစျေးကွက်ထဲမှာ ရွှေစျေးကလည်း ၂,၈၃၀,၀၀၀ ကျပ်ထိ မြင့်တက်လာပြီး   အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းက တဒေါ်လာကို ၂,၈၆၀ ကျပ်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဒေါ်လာစျေးဟာ ၂,၈၃၀ ကျပ်ကနေ ၂၈၅၀ ကျပ်ကြားမှာပဲ ရှိနေခဲ့ပြီး အခုအခါ ၂,၈၆၀ ကျပ်ကနေ ၂,၈၈၀ ကျပ်အထိ ပြန်မြင့်တက်လာတာပါ။

နိုင်ငံခြားငွေလဲကောင်တာ တာဝန်ရှိသူတဦးက “ဟုတ်ပါတယ်။ ဒီရက်ပိုင်း ဒေါ်လာစျေး ပြန်တက်လာပါတယ်” လို့ ပြောပါတယ်။

ရွှေစျေးကလည်း တကျပ်သားကို ကျပ် ၂,၆၀၀,၀၀၀ ကနေ ၂,၇၀၀,၀၀၀ ကြားမှာ လအတန်ကြာ စျေးငြိမ်နေရာက ဇန်နဝါရီလဆန်းပိုင်းကစပြီး တရိပ်ရိပ်တက်လာခဲ့ရာ ဒီနေ့မှာ ပြင်ပပေါက်စျေး ကျပ် ၂,၈၃၀,၀၀၀ ကျော်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁,၈၉၀ ရှိလာတာကြောင့် ရက်ပိုင်းအတွင်းမှာ ကမ္ဘာ့ရွှေဈေးက အနည်းငယ်တက်လာပါတယ်။ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရွှေစျေးက တအောင်စကို ၁,၈၉၉ ဒေါ်လာရှိနေပြီး အခုလဆန်းပိုင်းက တအောင်စကို ၁,၈၂၀ ဒေါ်လာ အထက်မှာပဲ ရှိခဲ့ပါတယ်။

ကမ္ဘာ့ရွှေစျေး အတက်များတာကြောင့် ပြည်တွင်းရွှေစျေးလည်း လိုက်ပါမြင့်တက်လာပြီး လက်ရှိစျေးတန်းအထိ ရောက်ရှိလာတာဖြစ်တယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက မှတ်ချက်ပြုပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “အခုရွှေစျေးတက်သွားတဲ့ အဓိကအကြောင်းအရင်းက ကမ္ဘာ့ရွှေစျေး အများကြီးတက်သွားလို့ပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီ ဗဟိုဘဏ်ဟာ ဒေါ်လာငွေလဲနှုန်းကို ၁,၈၅၀ ကျပ်ကနေ ၂,၁၀၀ ကျပ်ကို တိုးမြင့်သတ်မှတ်လိုက်ပြီးတဲ့နောက်မှာ ကောလာဟလတွေနဲ့အတူ ဒေါ်လာစျေးရော ရွှေစျေးပါ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းကစလို့ ဒေါ်လာစျေးရော ရွှေစျေးပါ တဖြည်းဖြည်း ပြန်ကျဆင်းလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ပြည်တွင်း နိုင်ငံခြားငွေစျေးကွက်မှာ အမေရိကန်တဒေါ်လာကို ကျပ် ၄,၀၀၀ ကျော်၊ ရွှေတကျပ်သားကို ကျပ်သိန်း ၃၀ အထက်ထိ စံချိန်တင် အမြင့်ဆုံးစျေး ရောက်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up