close

တနင်္သာရီတိုင်းက နေရပ်စွန့်ခွာသူ ၁၇,၀၀၀ ကျော် ရိက္ခာနှင့် ဆေးဝါးလိုအပ်၊ ကြာအင်းဆိပ်ကြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၁၇,၀၀၀ ကျော်ရှိပြီး ၁,၆၀၀ ကျော်ဟာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ FEB5Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံတဦးက “တိုက်ပွဲဖြစ်ရင် စကစရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေ၊ အလွန်အကျွံ သုံးတာတွေကြောင့် ပြည်သူတွေက သေနတ်သံကြားရင် ရှောင်ပြေးရတဲ့ အခြေအနေတွေအထိ ဖြစ်ခဲ့တယ်။ စကစရဲ့ ဒေသခံအိမ်တွေ မီးရှို့တာတွေ၊ လူတံတိုင်း လုပ်တာတွေကြောင့်လည်း ပါတာပေါ့” လို့ ပြောပါတယ်။

ဒီဇင်ဘာလမှာ မြိတ်ခရိုင် ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာ များခဲ့ပြီး စစ်ဘေးရှောင်ဦးရေလည်း များပြားခဲ့တယ်လို့ သိရပါတယ်။

“ပုလောမြို့နယ် လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က စစ်ရှောင်နေရတယ်။ စကစဘက်က ရိက္ခာတွေ အမျိုးမျိုးဖြတ်တောက်တာတွေ လုပ်တယ်။ စစ်ရှောင်စခန်းအချင်းချင်း အပြန်အလှန်ကူညီပြီး လုပ်နေရတယ်။ လက်ရှိ စစ်ရှောင်တွေမှာက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်” လို့ ကူညီပေးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်လောက်ကစပြီး ပလမြို့ရဲစခန်းကနေ တိုကျေးရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ သုံးရက်ဆက်တိုက် ပစ်ခတ်တာ၊ စစ်ကောင်စီတပ်ရဲ့ မကြာခဏ ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာကြပြီး အခုအချိန်ထိ နေရပ်မှာ ပြန်မနေထိုင်ရဲသေးတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာလည်း တောင်စွန်းဘက်တွေမှာ အခုရက်တွေအတွင်း တိုက်ပွဲတွေမရှိပေမဲ့ စစ်ဘေးရှောင်တွေ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခု တိုက်ပွဲတွေမရှိဘူး ဆိုပေမဲ့ အိမ်ပြန်ဖို့က စစ်ကောင်စီတပ်တွေက ရွာတွေဘက်ကို ဝင်ထွက်သွားလာတာ၊ ပြီးတော့ လေယာဥ်တွေကလည်း နေ့စဥ်နီးပါးလောက် လာရောက်တာမြင်ရတော့ ဗုံးလာကြဲမှာကို စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင် ဒေသခံတွေက ပြောပါတယ်။

ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ရွာနဲ့အလှမ်းဝေးတဲ့ နေရာတွေဖြစ်တဲ့ တောတောင်တွေကြားမှာ ဖြစ်သလို နေထိုင်ရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူ တောင်စွန်းကျေးရွာဘက်တွေမှာ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ၂ ပတ်လောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံးတွေ ရှိခဲ့ရာမှာ စစ်ကောင်စီဘက်က အကျအဆုံး ပိုများနေပါတယ်။

ကရင်ပြည်နယ်မှာ လက်ရှိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေ ပြင်းထန်တဲ့တိုက်ပွဲတွေ မရှိပေမဲ့ အနည်းငယ် ထိတွေ့မှုမျိုးတွေ ဆက်ရှိနေပြီး စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေတာကြောင့် သာမန်အရပ်သား သေဆုံးမှုတွေ ဒါဇင်နဲ့ချီ ရှိနေပြီလို့ ဒေသအတွင်း သတင်းအရင်းမြစ်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up