close

ထိုင်းတွင် တရားမဝင်တင်သွင်းလာသည့် ဝက်သား ကီလို ၇ သိန်းကျော် မြေမြှုပ်ဖျက်ဆီး

ထိုင်းနိုင်ငံထဲကို ပြည်ပနိုင်ငံအသီးသီးကနေ တရားမဝင် တင်သွင်းလာတဲ့ ဝက်သား အလေးချိန် စုစုပေါင်း ကီလို ၇ သိန်းကျော်ကို  ဇန်နဝါရီ ၁၂ ရက်က မြေမြှုပ် ဖျက်ဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါဝက်သားတွေဟာ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေကနေ တရားမဝင် တင်သွင်းလာတာဖြစ်ပြီး မနှစ် ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးရမိတာဖြစ်ကြောင်း၊ မနှစ်က ဝက်သား တရားမဝင် တင်သွင်းမှုပေါင်း ၄၂ မှုရှိပြီး ဘတ်သန်းပေါင်း ၂၁၉ သန်းတန်ဖိုးရှိ ဝက်သားနဲ့ ဝက်ကလီစာအမျိုးမျိုး အလေးချိန် ကီလို ၁ သန်းကျော် သိမ်းဆည်းရမိတယ်လို့ ထိုင်းစိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဒေါက်တာ ချလိုမ်ချိုင်း ဆီအွန်က ဝက်သားဖျက်ဆီးတဲ့ အခမ်းအနားမှာ ပြောပါတယ်။

အဆိုပါ ဝက်သားအလေးချိန် ကီလို ၁ သန်းကနေ မနှစ်က အလေးချိန် ၁ သိန်း ၁ သောင်းကျော် ဖျက်ဆီးခဲ့ပြီး ၁ သိန်း ၈ သောင်းကျော်မှာ အမှုမပြီးပြတ်သေးကြောင်း၊ ဒီနေ့ဖျက်ဆီးပစ်တဲ့ ဝက်သားအလေးချိန် ၇၂၃,၇၈၆ ကီလိုဂရမ် (တန်ဖိုး ဘတ် ၁၂၃ သန်း) မှာတော့ ပတ်သက်သူတွေကိုလည်း အရေးယူပြီး အမှုပြီးပြတ်ပြီးဖြစ်တယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

အဆိုပါဝက်သားတွေကို ၁၀ ဘီးကား၊ ကွန်တိန်နာကားကြီးတွေနဲ့ အကြိမ်ပေါင်း ၃၉ ခေါက် သယ်ဆောင်ပြီး ဖစ်ချ်ပူရီခရိုင် ချအမ်းမြို့နယ်ထဲမှာ မြေမြှုပ်ဖျက်ဆီးခဲ့တာပါ။

အဲဒီလိုဖျက်ဆီးရာမှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်၊ ရောဂါပိုးပြန့်ပွားမှု မရှိအောင် စနစ်တကျ စီမံမြှုပ်နှံတာဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင် ဝက်သားတင်သွင်းတာဟာ ထိုင်းနိုင်ငံရဲ့ အကောက်ခွန်လုပ်ငန်းကို ထိခိုက်သလို ပြည်တွင်းတိရစ္ဆာန်မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်ကြောင်း၊ အဆိုပါ တရားမဝင်တင်သွင်းတဲ့ တိရစ္ဆာန်အသားတွေဟာ အစစ်အဆေးမရှိ ဝင်ရောက်လာတာကြောင့် တိရစ္ဆာန်ကူးစက်ရောဂါအတွက်ရော စားသုံးသူတွေအတွက်ပါ ဘေးအန္တရာယ် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

မှောင်ခိုတင်သွင်းတဲ့ပစ္စည်းတွေ ဖမ်းမိတဲ့အခါ ကင်းလွတ်ပေးဖို့ ဘယ်လိုနည်းလမ်းပဲ လာပြီး ညှိနှိုင်းညှိနှိုင်း လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ထိုင်းစိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးက အပြတ်ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up