အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာရောက်မည့် ခရီးစဉ်ကို တရုတ် ကြိုဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ တရုတ်နိုင်ငံကိုလာရောက်မယ့် ခရီးစဉ်ကို ကြိုဆိုပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ဇန်နဝါရီ ၁၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘလင်ကန်ဟာ ဖေဖော်ဝါရီ ၅ ရက်မှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း အမေရိကန်မီဒီယာ ထုတ်ပြန်ချက်နဲ့ပတ်သက်တဲ့ မေးခွန်းကို ဝမ်ဝင်ဘင်က တုံ့ပြန် ဖြေကြားလိုက်တာပါ။
“တရုတ်နိုင်ငံဟာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ကြိုဆိုပါတယ်။ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ အခု သီးခြားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်နေကြပါပြီ” လို့ ဝမ်က ပြောပါတယ်။
တရုတ်အစိုးရဟာ သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားတဲ့ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်ရေး မူကြီးသုံးရပ်အရ တရုတ်-အမေရိကန် ဆက်ဆံရေးကို အမြဲတစေရှုမြင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြောင်းလည်း ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်အနေနဲ့ ထိပ်တိုက်ရင်ဆိုင်မယ့်အစား တွေ့ဆုံဆွေးနွေးရေးကို ကိုင်စွဲပြီးတော့ တရုတ်နိုင်ငံအပေါ် မှန်ကန်တဲ့အမြင်ကို ချမှတ်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ပြောပါတယ်။
ဘလင်ကန်ဟာ ဖေဖော်ဝါရီ ၅ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ ပေကျင်းမှာ တွေ့ဆုံမှာဖြစ်ကြောင်း ပေါ်လစ်တီကို သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။