close

အင်းတော် ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် မိုင်းရှင်းရန်လာသည့် စစ်ကား တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာ မြို့ပြပြောက်ကျားအဖွဲ့က လက်လုပ်မိုင်း ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက “အထိအခိုက် မရှိပါဘူးဗျ။ သတိပေးတဲ့အနေနဲ့ ခွဲခဲ့တာပါ။ သူတို့ဘက်က လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီးတဲ့နောက် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ အင်းတော် သင်္ချိုင်းကုန်းဘက်ကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အင်းတော်မြို့ စျေးအရှေ့ပေါက်ကိုလည်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ၃ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်မှုကြောင့် အင်းပတ်လမ်းမှာ ပဲစိုက်နေတဲ့ လင်မယား ၂ ယောက် ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကာ အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဖြစ်သူကို အဲဒီ‌နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က မိသားစုဝင်တွေကိုခေါ်ပြီး အင်းတော်မီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း-မြင်းမူသွား ကားလမ်းပေါ်မှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ လာတဲ့ စစ်ကောင်စီကားကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီက သိရပါတယ်။

မိုင်းရှင်းလင်းရေးလာတဲ့ စစ်ကောင်စီကားဟာ စစ်ကိုင်း တပ်မ ၃၃ ကနေ စတင်ထွက်ခွာလာပြီး နတ်ခရိုင်နဲ့ လယ်ကြီးရွာကြားအရောက်မှာ အခုလို မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “စစ်(--)ကား လာမယ်ဆိုတာကို ဖရဲသီးက သတင်းပေးလို့ အခုလို မိုင်းဆွဲနိုင်ခဲ့တာဗျ။ မိုင်းက ပဒေသာမိုင်း ၅ လုံးနဲ့ ဆွဲခဲ့တာဗျ။ စစ်(--)ကားပေါ်မှာကတော့ စစ်(--) ၃၀ လောက်ပါမယ်လို့ ကြိုသိထားတယ်ဗျ။ ကျနော်တို့ မိုင်းဆွဲလိုက်လို့ ကားမောင်းတဲ့ စစ်(--)ကတော့ နေရာတင် သေသွားတယ်။ တခြား ဒဏ်ရာရသူတွေလည်း များတယ်။ အဲဒီဒဏ်ရာရသူတွေထဲက နောက်ထပ် ၄ ဦး စစ်ကိုင်းတပ်ထဲရောက်မှ သေတယ်လို့လည်း ကျနော်တို့ သိထားရတယ်။ ကားကတော့ ဆက်ပြီးမောင်းမရလို့ နှုံးတွင်းခြေတော်ယာတပ်အတွင်း ဆွဲပြီးထားခဲ့တယ်။ သူတို့ဘက်က  ပြန်လည်ပစ်ခတ်တာတွေ ရှိပေမဲ့ ကျနော်တို့ လွတ်အောင်ပြေးနိုင်ခဲ့လို့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်ခဲ့တာကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ သရဲနီအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up