ရုရှားစစ်တပ်ပြေး ကြေးစားစစ်ဦးစီးအရာရှိဟောင်း နော်ဝေတွင် ခိုလှုံခွင့်ရရန် ကြိုးစား

ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ ဝဂ္ဂနာကြေးစားစစ်တပ်က စစ်ဦးစီးမှူးဟောင်းတယောက်ဟာ သူ့အသက်အန္တရာယ် စိုးရိမ်ကြောက်လန့်လို့ နော်ဝေနိုင်ငံဆီ ထွက်ပြေးလာပြီး ခိုလှုံခွင့်ရဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
အန်ဒရေ မက်ဒီဒေ့ဗ်က နော်ဝေရဲတွေဖမ်းတာ မခံရခင် နော်ဝေနိုင်ငံထဲကို နယ်စပ်ကနေ ဖြတ်ကျော်ဝင်လာခဲ့တာလို့ ဂူလာဂူဒေါ့နက် လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှာ ပြောပါတယ်။
သူဟာ လေးလစာချုပ်နဲ့ ရုရှားကြေးစားစစ်တပ် ဝဂ္ဂနာကို ၂၀၂၂ ဇူလိုင် ၆ ရက်မှာ ပူးပေါင်းလာခဲ့သူပါ။ သူဟာ ရုရှားစစ်တပ်ကို မိဘမဲ့အနေနဲ့ ဝင်ခဲ့သူဖြစ်ပြီး ဝဂ္ဂနာကို မရောက်ခင် ထောင်ကျဖူးတယ်လို့ ပြောပါတယ်။
“ဝဂ္ဂနာကနေ ဖမ်းဆီးခံရတဲ့ စစ်ပြေးတွေကို သတ်ဖြတ်တာ မြင်ရအပြီး ဝဂ္ဂနာကနေ ထွက်ပြေးလာခဲ့တယ်။ မချိမဆံ့ ဝေဒနာခံစားရပြီး သေမှာကြောက်တယ်” လို့ မက်ဒီဒေ့ဗ်က ဂူလာဂူဒေါ့နက် လူ့အခွင့်အရေးအဖွဲ့ကို တည်ထောင်သူ ဗလာဒီမီယာ အော့ဆက်ချ်ကင်ကို ပြောပါတယ်။
ဂူလာဂူဒေါ့နက် လူ့အခွင့်အရေးအဖွဲ့ဟာ မက်ဒီဒေ့ဗ်ကို ရုရှားကနေ ထွက်ပြေးနိုင်အောင် ကူညီခဲ့တယ်လို့ ပြောပါတယ်။
အာတိတ်ဒေသက ရုရှား-နော်ဝေ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာအပြီး နိုင်ငံခြားသား တယောက်ကို ကြာသပတေးနဲ့ သောကြာ နှစ်ညလုံး လိုက်ဖမ်းခဲ့ရပြီး သူက ခိုလှုံခွင့် တောင်းနေတယ်လို့ နော်ဝေရဲတွေက ပြောပါတယ်။
မက်ဒီဒေ့ဗ်ဟာ ခုတော့ အော်စလိုဧရိယာထဲမှာ ရောက်နေတယ်လို့ သူ့ရှေ့နေက ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပေးခဲ့ပါဘူး။
ဝဂ္ဂနာ ကြေးစားစစ်တပ်ကို တည်ထောင်သူရဲ့ ပြောခွင့်ရက “မက်ဒီဒေ့ဗ်ဟာ ဝဂ္ဂနာရဲ့ နော်ဝေတပ်ခွဲမှာ အလုပ်လုပ်ခဲ့ဖူးပြီး အကျဉ်းသားတွေကို နှိပ်စက်ဖူးတယ်။ သတိထားပါ။ မက်ဒီဒေ့ဗ်ဟာ သိပ်အန္တရာယ်များတယ်” လို့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မက်ဒီဒေ့ဗ်ကတော့ ဝဂ္ဂနာဟာ သူ့ရဲ့သဘောတူညီချက်မပါဘဲ စာချုပ်ကို ထပ်ခါတလဲလဲ သက်တမ်းတိုးခဲ့တဲ့နောက်မှာ စိတ်ထိခိုက်လာခဲ့တယ်လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဝဂ္ဂနာဟာ ရှေ့တန်းကို ထောင်သားအရေအတွက် အများအပြား စပြီး စေလွှတ်ခဲ့ပြီးတဲ့နောက် ဆုံးရှုံးမှု သိပ်မြင့်ခဲ့တယ်။ ဝဂ္ဂနာရဲ့ ပြည်တွင်းလုံခြုံရေးဌာနက အစွန်းရောက် အပြစ်ပေးမှုတွေ ချမှတ်ခဲ့တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
မက်ဒီဒေ့ဗ်ရဲ့အဖွဲ့ဟာ ကျယ်ပြန့်တဲ့ စစ်မြေပြင် အတွေ့အကြုံရှိပြီး ကောင်းတဲ့ အထောက်အပံ့၊ အားလုံး ပါဝင်ကူညီနိုင်တဲ့ ကျင့်ဝတ်သိက္ခာရှိတဲ့ အမိန့်ပေးစနစ်နဲ့ ‘အပြင်းထန်ဆုံး စည်းကမ်း’ ရှိတာကြောင့် ထိရောက်တဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်တယ်လို့ ပြောပါတယ်။