တနင်္သာရီမြို့နယ်ရှိ NUG ထိန်းချုပ်နယ်မြေတွင် တော်လှန်ဘောလုံးပြိုင်ပွဲ ကျင်းပ






တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ဒေသခံတွေကို စုစည်းပြီး ဇန်နဝါရီ ၈ ရက်ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်ကြာ တော်လှန်ဘောလုံးပွဲ ကျင်းပခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အခုလို ကျင်းပရတာဟာ အာဏာသိမ်းကာလအတွင်း လူမှုဒုက္ခအဝဝကို ခံစားခဲ့ရတဲ့ ပြည်သူလူထုကို စိတ်ဓာတ်ခွန်အား ပေးချင်တဲ့အတွက် ပ.အ.ဖ က ကြီးမှူးပြီး ကျင်းပပေးတာ ဖြစ်တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ စစ်ဆင်ရေးတာဝန်ခံက ဆိုပါတယ်။
နယ်မြေထိန်းချုပ်နိုင်ပြီဆိုရင် ပ.အ.ဖ တွေရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ပြီး PDF နဲ့ ပ.အ.ဖ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေတဆင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေအထိပါ စစ်ရေးအရ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ နယ်မြေထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လူထုတွေရဲ့ဆန္ဒကိုယူပြီး ရပ်ကျေး ပ.အ.ဖ ကနေ မြို့နယ် ပ.အ.ဖ အထိ ဖွဲ့စည်းပေးထားပြီး ကျေးရွာအသီးသီးမှာလည်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ဖို့ ပ.အ.ဖ ကို အထောက်ကူပြုမယ့် ကျေးရွာလုံခြုံရေး ပ.လ.ဖ. တွေကို ထပ်ပြီး ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
အခုကျင်းပတဲ့ တော်လှန်ဘောလုံးပွဲမှာတော့ ကျေးရွာအသီးသီးက ဘောလုံးအသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပတ်လည်ပွဲစဉ်နဲ့ ကစားခဲ့ကာ အနိုင်ရရှိတဲ့ အသင်းသုံးသင်းကိုတော့ ငွေသားဆုတွေ ချီးမြှင့်ခဲ့ကြပါတယ်။
ပြည်သူတွေအနေနဲ့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တော်လှန်ရေးရဲဘော်တွေကို အတတ်နိုင်ဆုံး ထောက်ပံ့ကူညီပေးတာတွေ လုပ်ပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။