အိန္ဒိယက တရုတ်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာဖွယ်ရှိ

အိန္ဒိယနိုင်ငံဟာ အခုနှစ်ထဲမှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ကုလသမဂ္ဂကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ် ခြောက်စုအတွင်း ပထမဆုံးအကြိမ်အဖြစ် မနှစ်က ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသား အရေအတွက် ကျဆင်းမှု အစပြုတဲ့ သမိုင်းဝင် အလှည့်အပြောင်းတခု ဖြစ်လာပါတယ်။
တရုတ်နိုင်ငံ လူဦးရေ ၁ ဒသမ ၄ ဘီလီယံနဲ့ နှိုင်းယှဉ်ရင် အိန္ဒိယကတော့ လူဦးရေ ၁ ဒသမ ၃၈ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဦးရေများတာဟာ လုပ်သားအင်အားလို အားသာချက်တွေရှိပေမဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရင်းအမြစ်တွေကို စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့ Rainbow ကလေးဆေးရုံက အကြီးတန်းအတိုင်ပင်ခံ ဒေါက်တာ ရင်ကူ စန်ဂုပ္ပတား ဒီဟာက ပြောပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီခံတွေကတော့ လူဦးရေတိုးနှုန်းကို ထိန်းကျောင်းဖို့ အစိုးရကလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ခံစားရကြောင်း ပြောပါတယ်။
တကယ်တော့ အိန္ဒိယနိုင်ငံရဲ့ နှစ်စဉ်လူဦးရေတိုးနှုန်းဟာ ၂၀၁၁ ခုနှစ်ကစပြီး ကျဆင်းလာရင်း ပျမ်းမျှ ၁ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့တာပါ။ ဒါဟာ နှစ်စဉ် လူဦးရေတိုးနှုန်း ၁ ဒသမ ၇ ရာခိုင်နှုန်းကနေ ၁၀ နှစ်အတွင်း ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ သားဆက်ခြားနည်းတွေကို အသုံးပြုမှုဟာ ၂၀၁၉-၂၁ မှာ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်း ရှိပြီး အဲဒီနှစ်အပိုင်းအခြားမှာပဲ အမျိုးသမီးတဦး မွေးဖွားတဲ့ ကလေးအရေအတွက် ၂ ယောက်အထိ ကျဆင်းခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့လူဦးရေကတော့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားလို့ နိုင်ငံရဲ့ စီးပွားရေးနဲ့ ကမ္ဘာအတွက် ဂယက်ရိုက်ခတ်မှုတွေ ရှိလာမယ်လို့ မျှော်လင့်နေကြပါတယ်။
တရုတ်နိုင်ငံသားတွေကတော့ ကလေးမွေးဖို့ တွန့်ဆုတ်နေကြတယ်လို့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
တရုတ်နိုင်ငံရဲ့ အမျိုးသားစာရင်းအင်းဗျူရိုက ၂၀၂၂ ခုနှစ်မှာ လူဦးရေ ၁ ဒသမ ၄၁၁၇၅ ဘီလီယံအတွက် အကြမ်းဖျင်း လူဦးရေ ၈ သိန်းခွဲ ကျဆင်းသွားတယ်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံတွင်း အငတ်ဘေးကြီးရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၁၉၆၁ ခုနှစ် နောက်ပိုင်း ပထမဆုံး လူဦးရေကျဆင်းမှု ဖြစ်လာပါတယ်။
“လူတွေကို ဒုတိယကလေး ဒါမှမဟုတ် တတိယမြောက်ကလေး ယူခွင့်ပေးခြင်းအားဖြင့် အခြေခံကျကျ ဘာမှ ဖြေရှင်းလို့မရဘူးလို့ ထင်ပါတယ်။ ကလေးယူတဲ့အခါ ကုန်ကျစရိတ်က အရမ်းကြီးတယ်” လို့ အသက် ၄၄ နှစ်အရွယ် ပေကျင်းမြို့ခံလီ က ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
တရုတ်လူဦးရေဟာ ၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ အရင်ခန့်မှန်းချက်ထက် သုံးဆပိုပြီး ကျဆင်းသွားတာ တွေ့ရပြီး ၂၀၅၀ မှာ ၁၀၉ သန်း ကျဆင်းသွားမယ်လို့ ကုလသမဂ္ဂက ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါကြောင့် ဝင်ငွေတွေကျဆင်းလာလို့ တရုတ်စီးပွားရေး နှေးကွေးသွားပြီး ကျန်းမာရေးနဲ့ လူမှုဖူလုံရေးစရိတ်တွေ မြင့်မားလာတာကြောင့် အစိုးရကြွေးမြီတွေ တိုးလာနိုင်တယ်၊ တရုတ်နိုင်ငံ မချမ်းသာမီ အသက်ကြီးလာမယ်လို့ ပြည်တွင်းမှာရှိတဲ့ လူဦးရေ စာရင်းအင်း ပညာရှင်တွေက ညည်းတွားခဲ့ကြပါတယ်။
ဒါပေမဲ့ အမျိုးသား စာရင်းအင်းဗျူရိုရဲ့ အကြီးအကဲ ခန်းယိက လူဦးရေကျဆင်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ပယ်ချခဲ့ပြီး “စုစုပေါင်း လုပ်သားအင်အား ဖြည့်တင်းနိုင်စွမ်းက လုပ်သားအင်အား လိုအပ်ချက်ထက် ကျော်လွန်နေသေးတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။