close

စစ်အာဏာသိမ်း ၂ နှစ်ခန့်အတွင်း ပြည်သူ ၂,၇၄၉ ဦး သတ်ဖြတ်ခံရပြီး ၁၃,၆၀၀ ကျော် ဖမ်းဆီးခံထားရ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၄၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၃၈၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၆၀၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၁၄၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၇၅၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီဝန်းကျင်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ကောင်းဆောင်ကျေးရွာကို ဖယ်ခုံမြို့အခြေစိုက် ၄၂၁ အ‌မြောက်တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်းက စစ်ဘေးရှောင်တွေရှိတဲ့ နေရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးရှောင်တယောက်ဖြစ်တဲ့ မူလင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တခြားစစ်ဘေးရှောင် အမျိုးသား ၂ ယောက်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ မူလင်းကတော့ ဒုန်းဒူထန်ကျေးရွာကနေ ကောင်းဆောင်ကျေးရွာကို စစ်ဘေးရှောင်လာသူဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက် တရက်တည်းမှာပဲ ည ၉ နာရီခွဲက မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဘုန်းဇင်စျေးအနီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်ရဲ့နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဦးဝင်းမြင့်ခိုင်နဲ့ သားဖြစ်သူ ကိုခိုင်သီဟ၊ သူတို့အိမ်မှာနေကြတဲ့ အရပ်သား ၂ ယောက်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့လည်းကောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုလည်းကောင်း သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up