close

ထိုင်းတောင်ပိုင်းတွင် တရားမဝင်မြန်မာများတင်ဆောင်လာသည့်ကားမှောက် ၁ ဦးဒဏ်ရာရ ၂၉ ဦး ဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်း ဖတ်ထလုန်းခရိုင်ထဲမှာ ဇန်နဝါရီ ၁၈ ရက် မနက်က တရားမဝင်မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား တစီး တိမ်းမှောက်သွားပြီး တဦး ဒဏ်ရာရကာ ၂၉ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မနေ့ မနက် ၆ နာရီခွဲလောက်က ဖတ်ထလုန်း - ဆုန်ခလာသွား ဖစ်ကဆိမ်လမ်းမကြီးပေါ်မှာ ကား တစီးတိမ်းမှောက်နေကြောင်း အကြောင်းကြား လာတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖတ်ထလုန်းနယ်မြေရဲစခန်း က သတင်းထောက်ကို ပြောပါတယ်။ 

တာဝန်ရှိသူတွေ ရောက်သွားချိန် နောက်ခန်းမှာ တာလပတ်အနက်ရောင်နဲ့ အလုံပိတ်ထားတဲ့  အဖြူရောင်အီဇူးစူးဟိုင်းလပ်ကား တစီး တိမ်းမှောက်နေပြီး ကားတာယာလည်း ပေါက်နေကြောင်း ၊ ဒါပေမဲ့ ကားမောင်းသမားနဲ့ ကားပေါ်လိုက်လာသူတော့ တယောက်မှ မတွေ့ဘူးလို့ ဆိုပါတယ်။ 

မျက်မြင်သက်သေတွေက ကားပေါ်ကလူတွေဟာ အထုပ်တွေဆွဲပြီး အနီးကတောထဲ ထွက်ပြေးသွားကြတယ်လို့ ပြောတာကြောင့် တာဝန်ရှိသူတွေက လိုက်လံရှာဖွေကြကြောင်း ၊ အဲဒီနောက် အခင်းဖြစ်တဲ့နေရာနဲ့ ၁ ကီလိုအကွာ အိမ်ဟောင်း တလုံးမှာ လူ ၂၉ ယောက် (  ကျား ၁၉  ၊ မ ၈ နဲ့ ကလေး ၂ ယောက် ) ပုန်းခိုနေတာ တွေ့တယ်လို့ ဆိုပါတယ်။

စကားပြန်ကနေတဆင့် မေးမြန်းရာမှာ သူတို့ဟာ မြန်မာပြည်ဘက်ကနေ ထိုင်းနိုင်ငံထဲကို ရနောင်းမြို့ဘက်ကနေ ထိုင်းပွဲစားနဲ့ ဝင်ရောက်လာကြောင်း ၊ မလေးရှားနိုင်ငံကို ဆက်သွားဖို့ ဟတ်ယိုင်ဘက်အလာ အခုလို မတော်တဆဖြစ်မှုကြုံရတာလို့ ဆိုပါတယ်။ 

အဆိုပါ ၂၉ ဦးထဲမှာ တဦးက ဒဏ်ရာရထားတဲ့အတွက် ဖတ်ထလုန်းဆေးရုံကြီးကို ပို့ထားပြီး ကျန်သူတွေကိုတော့ လဝကဥပဒေနဲ့ အရေးယူဖို့ ရဲစခန်းကို ပို့ထားတယ်လို့ ဆိုပါတယ်။ 

ကားမောင်းသမားကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ဆက်လက်စုံစမ်းရှာဖွေနေ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား - mgronline.com

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up