close

ကုမ္ပဏီများတွင် အမည်ခံဒါရိုက်တာနှင့် အမည်ခံအစုရှယ်ယာရှင်များ ခွင့်မပြုဟု DICA ထုတ်ပြန်

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ အမည်ခံ ဒါရိုက်တာတွေနဲ့ အမည်ခံ အစုရှယ်ယာရှင်တွေကို ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က ထုတ်ပြန်ထားပါတယ်။

အမည်ခံဒါရိုက်တာ ခန့်အပ်တာနဲ့ ပတ်သက်ပြီး DICA က မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အခန်း ၁၈ မှာ ဒါရိုက်တာတွေရဲ့ ရရန်ပိုင်ခွင့်၊ တာဝန်ရှိမူတွေနဲ့ စပ်လျဉ်းပြီး ဒါရိုက်တာရာထူး ခန့်အပ်ထားခြင်း မရှိစေကာမူ ကုမ္ပဏီကိစ္စတွေကို ညွှန်ကြားသူ၊ ထိန်းချုပ်သူတွေကိုလည်း ဒါရိုက်တာအဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားတဲ့အပြင် ဥပဒေနဲ့အညီ အလှည့်ကျ ဒါရိုက်တာခန့်အပ်ဖို့ကိုလည်း ခွင့်ပြုထားတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့မညီညွတ်တဲ့ အမည်ခံ ဒါရိုက်တာတွေ ခန့်အပ်တာကို လုံးဝ ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် အမည်ခံအစုရှယ်ယာရှင်တွေ အမည်နဲ့ မှတ်ပုံတင် စာရင်းရေးသွင်းတာကိုလည်း ခွင့်မပြုကြောင်းနဲ့ မှတ်ပုံတင်အရာရှိဆီ တင်ပြထားတဲ့၊ ကုမ္ပဏီမှာ ထိန်းသိမ်းထားတဲ့ ကုမ္ပဏီမှာ ပါဝင်သူတွေရဲ့ မှတ်ပုံတင်စာရင်းမှာ စာရင်းရေးသွင်းထားတဲ့ လူပုဂ္ဂိုလ်/ဥပဒေဆိုင်ရာ ပုဂ္ဂိုလ်ကိုသာ အမှန်တကယ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အဖြစ် သတ်မှတ်မှာဖြစ်တယ်လို့လည်း အသိပေး ကြေညာထားပါတယ်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေမှာ ကုမ္ပဏီမှာ ပါဝင်သူတဦးဦီးက ပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတွေအတွက် မှတ်ပုံတင်အရာရှိထံ တင်ပြမှတ်ပုံတင်ဖို့၊ ကုမ္ပဏီမှာ ထိန်းသိမ်းထားတဲ့ ကုမ္ပဏီမှာ ပါဝင်သူတွေရဲ့ မှတ်ပုံတင်စာရင်းမှာ စာရင်းရေးသွင်းဖို့ ပြဋ္ဌာန်းထားပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

တချို့နိုင်ငံတွေမှာ အမည်ခံအစုရှယ်ယာရှင်တွေနဲ့ မှတ်ပုံတင်စာရင်းရေးသွင်းတာကို ခွင့်ပြုထားပြီး အကျိုးခံစားခွင့်ရှိသူ ရှယ်ယာပိုင်ရှင်ကို သီးခြားဖော်ပြလို့ရတဲ့ စနစ်မျိုး ကျင့်သုံးနေတာ တွေ့ရှိရပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူးလို့ DICA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ဒီညွှန်ကြားချက်ဟာ ၂၀၂၃ ဇန်နဝါရီ ၁၇ ရက်ကစပြီး အကျုံးဝင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up