close

ကံပေါက်ဒေသတွင် ဓားပြတိုက်မှုဖြစ်ပွား၊ ရွာသား ၂ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ တောင်ပယရွာတွင် ဇန်နဝါရီလ ၁၉ ရက် ညပိုင်းမှာ နေအိမ်တအိမ်မှာ ဓားပြတိုက်ခံခဲ့ရလို့ ရွှေနဲ့ ငွေတွေပါသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပယရွာတွင်နေသူ အမျိုးသမီး တဦးက “နေအိမ်မှာ အိမ်ရှင်အမျိုးသမီးကြီး တဦးတည်း ရှိနေချိန် ည ၇ နာရီခွဲလောက် မျက်နှာစိမ်း အမျိုးသား သုံးယောက် ရောက်လာပြီး တယောက်က အမျိုးသမီးကြီးကို ဓားထောက်ပြီး ကျန် ၂ ယောက်က ပစ္စည်းတွေလုယူသွားတယ်“လို့ ပြောပါ တယ်။

ဓားပြတိုက်ခံရတဲ့ နေအိမ်ဟာ တောင်ပယကျေးရွာ ဘုန်းကြီးကျောင်းနား ဦးအုန်းမြင့်နဲ့ ဒေါ်လှရီရှင် တို့ရဲ့ နေအိမ်ဖြစ်ပြီး ဓားပြတိုက်ခံရမှုကြောင့် ရွှေ ၅ ကျပ်သား နဲ့ ငွေ ၂သိန်း ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက် ညပိုင်းမှာပဲ ပယရွာတွင်နေ ကိုအောင်ကိုရှိန် နဲ့ ကိုဖိုးနီတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဇန်နဝါရီလ ၂၁ ရက်အထိ ပြန်မလွတ်သေးဘဲ ဘာအကြောင်းပြချက်နဲ့ ဖမ်းခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အာဏာသိမ်းပြီးနောက် ရေဖြူမြို့နယ်မှာ ဓားပြမှုဖြစ်စဉ်အနေနဲ့ ပရဒတ်ရွာတွင် တကြိမ်၊ ဇီးကျရွာတွင် တကြိမ်၊ ပယရွာတွင် တကြိမ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်းသူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up