ပီရူးဆန္ဒပြပွဲအတွင်း အကြမ်းဖက်မှု လုပ်ဆောင်သူများကို အရေးယူမည်

ပီရူးနိုင်ငံမှာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဆန္ဒပြသူတွေကို အရေးယူဘဲ နေမှာမဟုတ်ဘူးလို့ ပီရူးသမ္မတ ဒီနာဘိုလူအာတာက ဇန်နဝါရီ ၁၉ ရက် ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။
ဒါက ငြိမ်းချမ်းစွာ ဆန္ဒပြတာ မဟုတ်ကြောင်းနဲ့ အစိုးရရှေ့နေရုံးနဲ့ အတူတွဲလုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ ပုဂ္ဂလိကနဲ့ အစိုးရ ပစ္စည်းတွေကို ဖျက်ဆီးသွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်သူတွေကို စစ်ဆေးအမှုဖွင့်ပြီး အခွန်ကောက်သွားမယ်လို့ သမ္မတ ဒီနာက ပြောပါတယ်။
မနေ့ကလည်း လီမာမြို့တော်မှာ တောင်ပိုင်းဒေသခံတွေ အများစုပါဝင်တဲ့ ဆန္ဒပြပွဲတွေနဲ့ တချိန်တည်းမှာပဲ လေဆိပ် ၃ ခုကို သိမ်းပိုက်ဖို့ ကြိုးစားတာတွေဖြစ်ခဲ့ပြီး ဒါဟာ တိုက်ဆိုင်မှုမဟုတ်ပဲ အရင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး စီစဉ်ထားတာဖြစ်ကြောင်းလည်း သမ္မတက ပြောပါတယ်။
ပီရူးတောင်ပိုင်းရှိ အာရီကီပါ လေဆိပ်အပြင်ဘက်မှာ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုအတွင်း အမျိုးသားတစ်ဦး ထပ်ပြီးသေဆုံးခဲ့ပါတယ်။
ဆန္ဒပြနေတဲ့သူတွေ၊ ပြည်နယ်တွေကနေ မြို့တော်ကို အရောက်လာကြသူတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်းနဲ့ ဒီနိုင်ငံအတွက် လိုအပ်တဲ့ အမြင်သဘောထားတွေပေါ်မှာ လုပ်ဆောင်ကြဖို့ လည်း ပီရူးသမ္မတ ဒီနာက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားပါတယ်။