close

တရုတ်အမျိုးသမီး ၁ ဦးထံမှ လာဘ်ငွေယူပြီး လေဆိပ်မှ ပတ္တယားထိ VIP ကဲ့သို့ လိုက်ပို့ပေးသည့် ထိုင်းရဲ ၃ ဦး အရေးယူခံရ

ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်မှာ တရုတ်နိုင်ငံကလာတဲ့ ခရီးသွားဧည့်သည် အမျိုးသမီးတဦးထံကနေ ထိုင်း ဘတ်ငွေ ၇,၀၀၀ အခကြေးငွေယူပြီး VIP အထူးဧည့်သည်လို ပတ္တယားကမ်းခြေဟိုတယ်ထိ လိုက်ပို့ပေးခဲ့တဲ့ ရဲ ၃ ဦး အရေးယူခံရတယ်လို့ Thairath သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးအရေးယူမခံရခင် အဆိုပါတရုတ်အမျိုးသမီးရဲ့ ထိုင်းခရီးစဉ် အတွေ့အကြုံ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ အရင်ထွက်ပေါ်လာပါတယ်။

တရုတ်အမျိုးသမီးက သူ လေယာဉ်ပေါ်ကဆင်းတာနဲ့ ရဲတွေ ချက်ချင်းလာကြိုပြီး ခရီးဆောင်သေတ္တာကို ခဏအတွင်းရခဲ့ကြောင်း၊ လ.ဝ.က အစစ်အဆေးတွေကိုလည်း သူများလို တန်းစီစရာမလိုဘဲ ၅ မိနစ်နဲ့အပြီး ဆောင်ရွက်ပေးကြောင်း၊ အဲဒီနောက် သူစီးလာတဲ့ကားရှေ့မှာ ဆိုင်ကယ်စီးရဲက အရေးပေါ် လမ်းကြောင်းမီးဖွင့်ပြီး အရင်သွားတဲ့အတွက် တခြားကားတွေက ရှောင်ကွင်းပေးခဲ့ကြောင်း၊ သူ တည်းခိုရာ ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေဟိုတယ်ကို အချိန်တိုတိုတွင်း ခဏလေးနဲ့ ရောက်ခဲ့တယ်၊ ကားနဲ့ကြိုရင် ဘတ် ၇,၀၀၀၊ ဆိုင်ကယ်နဲ့သွားရင် ဘတ် ၆,၀၀၀ ပဲလို့ တရုတ်လို ရှင်းပြနေပါတယ်။ ခရီးစဉ်အပြီးမှာ သူ့ကိုလိုက်ပို့တဲ့ ရဲကို နောက်ထပ် ဘတ် ၂၀၀ မုန့်ဖိုးပေးပြီး ဓာတ်ပုံအတူရိုက်တဲ့အကြောင်းတွေလည်း ပြောထားပါတယ်။

ဗီဒီယိုဖိုင်တွေ့တာနဲ့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ရာမှာ သုဝဏ္ဏဘူမိ လေဆိပ်မှာ အမှန်တကယ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း ၃ ဦး ဖြစ်နေတာပါ။

အဆိုပါရဲ ၃ ဦးမှာ ခရီးသွားဧည့်သည်ဆိုင်ရာ အမှတ် ၅ ရဲတပ်ဖွဲ့မှ လက်ထောက်စခန်းမှူး အဆင့်ရှိ ဒုရဲမှူး ဆုန်ဖုန်း ဖင်းယိုးစမိုးဆွန်၊ ယဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်အဆင့်ရှိ ထနားကွန်းနုကွန်းနဲ့ ထနဝပ်ဆီမားကျွန်းတို့ဖြစ်ကြောင်း၊ ဗီဒီယိုဖိုင်ထဲမှာ သူတို့ရုပ်တွေ အတိုင်းသားပေါ်လွင်နေတာမို့ စုံစမ်းစစ်ဆေးဆဲကာလ ဗဟိုရဲတပ်ဖွဲ့ရုံးမှာ ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။

သူတို့အနောက်မှာ ကြိုးကိုင်သူ ရှိ မရှိ၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တာလား၊ အရင်ကလည်း ဒီလိုလုပ်စားနေကျပဲလားဆိုတာ စစ်ဆေးမှာဖြစ်သလို သူတို့ လမ်းပြအဖြစ် အသုံးပြုခဲ့တဲ့ ဆိုင်ကယ်နဲ့ ကားဟာ ဌာနပိုင် ဟုတ် မဟုတ်၊ ဟုတ်တယ်ဆိုရင် ဌာနပိုင်ပစ္စည်းကို လွဲမှားစွာ အသုံးပြုမှု၊ မဟုတ်ဘူးဆိုရင်လည်း ဌာနဆိုင်ရာယာဉ်လို တုပအသုံးပြုမှုတွေနဲ့ပါ အမှုဆက်ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က အဆိုပါမိန်းကလေးဟာ ထိုင်းနိုင်ငံကိုမလာခင် နိုင်ငံခြားရေးဌာန ဒုညွှန်မှူးဆီ ကြိုတင်အကြောင်းကြားထားတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

သတင်းထောက်တွေက နိုင်ငံခြားရေးဌာန ဒုညွှန်မှူးကို ဆက်သွယ်မေးမြန်းရာမှာ ဒုညွှန်မှူးက မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

ဒီကိစ္စပေါ် လူမှုကွန်ရက်မှာလည်း အဆိုပါ ရဲ ၃ ဦးကို ဘာမဟုတ်တဲ့ငွေလေးနဲ့ တိုင်းပြည်ကို သိက္ခာကျအောင် လုပ်နေသူ၊ အစိုးရပေးတဲ့လစာ အိမ်ကမိန်းမကိုပေးဖို့ မလုံလောက်ဘူး၊ နိုင်ငံတကာအလယ်မှာ ရှက်ဖွယ်ရာ စသဖြင့်  ဝိုင်းဝန်းပြစ်တင်နေကြပါတယ်။

ကိုးကား - thairath.co

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up