အဲဗာတန်အသင်းက နည်းပြလမ်းပတ်ကိုထုတ်ပယ်ပြီးနောက် လိဒ်နည်းပြဟောင်း ဘီယယ်ဆာကို ခန့်အပ်ရန် စီစဉ်

အဲဗာတန်အသင်းနည်းပြသစ်ရာထူးအတွက် လိဒ်ယူနိုက်တက်နည်းပြဟောင်းဘီယယ်ဆာကို ခန့်အပ်ဖို့ စီစဉ်နေပါတယ်။
အဲဗာတန်အသင်းဟာ ပြိုင်ပွဲစုံမှာ ၁၀ ပွဲဆက်တိုက်ရှုံးနိမ့်ပြီးတဲ့ နောက်မှာ အဆင့် ၁၉ အထိကျဆင်းသွားခဲ့ရလို့ နည်းပြ လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
တဆက်တည်းမှာပဲ နည်းပြသစ်တစ်ဦးခန့်အပ်ဖို့ရှာဖွေနေပြီး လိဒ်ယူနိုက်တက်နည်းပြဟောင်း မာဆယ်လို ဘီယယ်ဆာက ရေပန်းအစားဆုံးဖြစ်လာခဲ့တာပါ။
အသက် ၆၇ နှစ်ရှိ အာဂျင်တီးနားနည်းပြကြီးဟာ လိဒ်ယူနိုက်တက်ကို ၁၆ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆီ တန်းတက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး သူ့ရဲ့တိုက်စစ်အသားပေးကစားဟန်က ထင်ရှားပါတယ်။
ဘီယယ်ဆာဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး အဲဗာတန်ဘက်က အမှန်တကယ်ကမ်းလှမ်းမယ်ဆိုရင် လက်ခံဖို့ရှိပါတယ်။