close

စစ်ကောင်စီတပ်များနှင့် အတူလိုက်ပါခြင်းမပြုရန် ဒေသခံများအား ဖယ်ခုံ PDF သတိပေး

ရန်သူစစ်အာဏာရှင်ကို အမြစ်ဖြတ်ရှင်းလင်းတိုက်ခိုက်ရာမှာ နှောင့်နှေးစေတဲ့လုပ်ရပ်တွေ ဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့အတူ ချီတက်လိုက်ပါလာတာ၊ လမ်းပြခေါ်ဆောင်လာပေးတာ၊ စခန်းချ အတူနေထိုင်တာတွေ အပါအဝင် စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်း၊ ရိက္ခာတွေ သယ်ယူပို့ဆောင်တာတွေ မပြုလုပ်ကြဖို့ ဒေသခံတွေကို ဖယ်ခုံ PDF က ဇန်နဝါရီ ၂၄ ရက် ဒီကနေ့ရက်စွဲနဲ့ သတိပေးလိုက်ပါတယ်။

အဲဒီလို လိုက်နာခြင်းမရှိဘဲ အတူတကွ လှုပ်ရှားသွားလာခဲ့ရင် ဖယ်ခုံ PDF အနေနဲ့ စစ်ကောင်စီတပ်တွေကို ပစ်ခတ်ရှင်းလင်းတိုက်ခိုက်ရာမှာ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ထိခိုက်မှုတွေနဲ့ လုံးဝသက်ဆိုင်မှု မရှိကြောင်းလည်း အသိပေးထားပါတယ်။

ရှမ်း-ကယားနယ်စပ်တလျှောက်မှာတော့ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး လတ်တလောမှာတော့ ဖယ်ခုံမြို့နယ်ထဲက ဖယ်ခုံ-မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား အချိန်၊ နေရာ အကန့်အသတ်မရှိဘဲ တိုက်ပွဲတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up