close

ရခိုင်ပြည်နယ်တွင် ရဲဝန်ထမ်းများ၏ ဇနီးများအား အခြေခံစစ်သင်တန်း ထပ်ပေး

ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲပြီးနောက် ရခိုင်ပြည်နယ် မြို့နယ်အားလုံးရှိ ရဲဝန်ထမ်းတွေရဲ့ ဇနီးတွေကို အခြေခံစစ်သင်တန်း ထပ်ပေးနေတယ်လို့ ရဲဝန်ထမ်းမိသားစုတွေဆီက သိရပါတယ်။

မောင်တောမြို့မှ ရဲဝန်ထမ်းဇနီးတဦးက “ကျမတို့ ၂၀၂၀ မှာတကြိမ် စစ်သင်တန်း တက်ခဲ့ကြရတယ်။ အခု ၂၀၂၃ မှာ ပြန်တက်လာရတာ။ အခြေခံသင်တန်းကိုတော့ ရဲတပ်ရင်းတွေမှာ သင်ရတယ်။ သေနတ်ပစ်တာကျတော့ ဘူးသီးတောင်တပ်ရင်းတွေက စက်ပစ်ကွင်းမှာ သွားပစ်ရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ်အားလုံးရှိ ရဲဝန်ထမ်းဇနီးတွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ အခြေခံစစ်သင်တန်း ပို့ချပေးကြောင်း ရဲမိသားစုဝင်တွေဆီက သိရပါတယ်။

အခြေခံစစ်သင်တန်းမှာ စစ်ရေးပြသင်တန်းနဲ့ လက်နက်ငယ်ပစ်သင်တန်းတွေကို မွန်းမံသင်တန်းတွေအဖြစ် ထည့်သွင်းကာ လေ့ကျင့်ပေးနေကြောင်း မြေပုံမြို့နယ်ရှိ ရဲဝန်ထမ်း ဇနီးတဦးက ဆိုပါတယ်။

“ကျမတို့ မြေပုံမြို့နယ်မှာ ထူးချေကျေးရွာအုပ်စုက ကိုင်းတောချေတောင်တန်းမှာ သင်တန်းဖွင့်လှစ် သင်ကြားခဲ့တယ်။ အခြေခံစစ်ရေးပြသင်တန်းနဲ့ မွမ်းမံလက်နက်ငယ်ပစ် သင်တန်းတွေပါ တက်ရောက်ခဲ့ကြရတယ်။”

ရခိုင်ဒေသမှာ ရဲဝန်ထမ်းတွေရဲ့ ဇနီးမယားတွေကို ၂၀၂၀ ပြည့်နှစ်မှာ တကြိမ် အခြေခံစစ်သင်တန်းပေးခဲ့ပြီး ရက္ခိုင့်တပ်တော် (အေအေ) စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ကြတဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ သင်တန်းပေးတာကို ရပ်ထားခဲ့တာပါ။

ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်ကစပြီး နှစ်ဖက် နာလည်မှုနဲ့ အပစ်ရပ်လိုက်ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးမှာ ဇန်နဝါရီ ၉ ရက်ကနေ ၂၀ ရက်နေ့အထိ ၂ ပတ်ကြာ အခြေခံစစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up