ဂျပန်တွင် နှင်းမုန်တိုင်းကြောင့် လူအချို့သေဆုံး၊ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

ဂျပန်နိုင်ငံတဝန်းမှာ ဇန်နဝါရီ ၂၅ ရက်က ဆီးနှင်းတွေ ထူထူထပ်ထပ် ဖုံးလွှမ်းခဲ့လို့ ယာဉ်ကြောတွေ ပိတ်ဆို့ခဲ့ပြီး ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ရထားသွားလာမှုတွေလည်း အနှောင့်အယှက် ဖြစ်စေတဲ့အပြင် လူတဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ပုံမှန်မဟုတ်ဘဲ အေးမြတဲ့ ရာသီဥတုနဲ့ အလွန်အမင်း လေဖိအားနည်းရပ်ဝန်းတွေကြောင့် ဂျပန်နိုင်ငံတဝန်းမှာ ဇန်နဝါရီ ၂၄ ရက်က နှင်းတွေကျလာပြီး လေပြင်းတွေ တိုက်ခတ်နေပါတယ်။
မုန်တိုင်းကြောင့် လူတဦးသေဆုံးပြီး တခြားသေဆုံးသူနှစ်ဦးကို ဗုဒ္ဓဟူးနေ့ မနက်အထိ မုန်တိုင်းနဲ့ ဆက်စပ်မှုရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရက ပြောပါတယ်။
နှင်းတွေနဲ့ လေပြင်းတွေ တိုက်ခတ်မှုကြောင့် အင်္ဂါနေ့မှာ ရထားတွေပြေးဆွဲမှုကို ရပ်ဆိုင်းခဲ့ရပြီး ကျိုတိုမြို့အနောက်ပိုင်းက ရထားဘူတာနှစ်ခုမှာ လူပေါင်း ၃,၀၀၀ လောက် သောင်တင်နေခဲ့တယ်လို့ NHK သတင်းမှာဖော်ပြပါတယ်။
အင်္ဂါနေ့နှောင်းပိုင်းကနေ ဗုဒ္ဓဟူးနေ့အစောပိုင်းအထိ ဘူတာရုံတွေကြားမှာ အနည်းဆုံး ရထား ၁၅ စင်း ပေါ်က လူတချို့ ပိတ်မိနေခဲ့တယ်လို့ NHK က ပြောပါတယ်။ အအေးလွန်ကဲတဲ့ ရာသီဥတုဟာ ဇန်နဝါရီ ၂၆ ရက်အထိ ဆက်လက်တည်ရှိမယ်လို့ ခန့်မှန်းရပါတယ်။