close

တိုယိုတာကော်ပိုရေးရှင်း စီအီးအို နုတ်ထွက်မည်

တိုယိုတာမော်တာကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် (စီအီးအို) အကီယို တိုယိုဒါဟာ သူ့အဖိုး တည်ထောင်ခဲ့တဲ့ကုမ္ပဏီရဲ့ အကြီးအကဲနေရာကနေ နုတ်ထွက်တော့မှာဖြစ်ပြီး ဇိမ်ခံကား ထုတ်လုပ်ရေးဌာန အကြီးအကဲဖြစ်သူကို ရာထူးလွှဲပြောင်းပေးမှာဖြစ်တယ်လို့  ဂျပန်ကား ထုတ်လုပ်ရေးကုမ္ပဏီက ဇန်နဝါရီ ၂၆ ရက်မှာ အတည်ပြုပါတယ်။ 

တိုယိုတာကုမ္ပဏီဟာ လျှပ်စစ်ကားတွေထုတ်လုပ်ရေးဘက်ကို  ရုန်းကန်နေရတာကြောင့်လို့ ဆိုပါတယ်။

တိုယိုတာကုမ္ပဏီရဲ့ ဇိမ်ခံကားအမှတ်တံဆိပ် Lexus ရဲ့ ဥက္ကဋ္ဌ အသက် ၅၃ နှစ်အရွယ် ကိုဂျီ ဆာတို ဟာ လာမယ့်ဧပြီ ၁ ရက်နေ့ကစလို့ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး တိုယိုဒါ ကတော့ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေဦးမှာပါ။ 

တိုယိုဒါဟာ ဒီအပြောင်းအလဲတွေကို တိုယိုတာတိုင်းမ်စ် ချန်နယ်ရဲ့ အင်တာနက်ပေါ် ထုတ်လွှင့်တဲ့ ဗီဒီယိုကနေ ကြေညာခဲ့တာပါ။ 

ဆာတိုဟာတိုယိုတာကုမ္ပဏီရဲ့ သဘောတရားတွေကို ကောင်းကောင်းနားလည်သူ ဖြစ်တဲ့အတွက် အခုလို ရွေးချယ်ခဲ့တာလို့ သူက ဆိုပါတယ်။ 

တိုယိုတာကုမ္ပဏီ တည်ထောင်သူရဲ့ အသက် ၆၆ နှစ်အရွယ် မြေးဖြစ်သူ တိုယိုဒါ ဆီကနေ ဘယ်သူ ဆက်ခံမလဲ ဆိုတာဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အာရုံစိုက်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာတာ ကြောင့် ဒီအပြောင်းအလဲ ကြေညာလိုက်ချိန်မှာ အံ့အားသင့်ခဲ့ကြပါတယ်။ 

Up