အီရန်ရှိ အဇာဘိုင်ဂျန်သံရုံးတွင် သေနတ်သမားတဦးပစ်ခတ်မှုကြောင့် သံရုံးအစောင့် သေဆုံး

အီရန်နိုင်ငံက အဇာဘိုင်ဂျန်သံရုံးမှာ ဇန်နဝါရီ ၂၇ ရက်က သေနတ်သမားတယောက်ဟာ သံရုံးလုံခြုံရေး အစောင့်တယောက်ကို ပစ်သတ်ခဲ့ပြီး တခြားလူ ၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှုဟာ ဘာကူအစိုးရရဲ့ လုံခြုံရေးတိုးမြှင့်ရေး တောင်းဆိုချက်တွေကို တီဟီရန်က လိုက်နာဖို့ ပျက်ကွက်ခဲ့ခြင်းရဲ့ ရလဒ် ဖြစ်တယ်လို့ အဇာဘိုင်ဂျန်အစိုးရက ပြောကြားပြီး “အကြမ်းဖက်ဝါဒ” လို့ တံဆိပ်ကပ်ထား ပါတယ်။
ဒီပစ်ခတ်မှုမှာ သံသယရှိသူ တယောက်ကို ဖမ်းဆီးခဲ့ကြောင်း တီဟီရန်ရဲတပ်ဖွဲ့က ပြောကြားထားပြီး အီရန်အာဏာပိုင်တွေကလည်း ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုအတွက် ဘာနိုင်ငံရေးအကြောင်းပြချက်မှ မပါဘူး လို့ ငြင်းဆိုခဲ့ပါတယ်။
သက်သေအထောက်အထားတွေနဲ့ ကနဦးလေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံရရင် သေနတ်သမားရဲ့ ရည်ရွယ်ချက်မှာ ကိုယ်ရေးကိုယ်တာကြောင့် ဖြစ်တယ် လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး ဟော်စိန် အမီရဘ် ဒိုလာဟီရန်က အစိုးရဆိုက်တခုမှာ ပြောကြားခဲ့ပါတယ်။
တီဟီရန်မှာရှိတဲ့ အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သံရုံးနဲ့ သံတမန်တွေအနေနဲ့ ပုံမှန်လှုပ်ရှားမှုတွေကို ဆက်လုပ်ဆောင်ဖို့ လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေကို လုပ်ဆောင်ထားကြောင်းလည်း သူကပြောပါတယ်။
ဒါပေမယ့်လည်း တီဟီရန်မှ သူ့ရဲ့သံရုံးဝန်ထမ်းတွေကို မကြာခင် ရွှေ့ပြောင်းဖို့ စီစဉ်ထားကြောင်း အဇဲရီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒီကိစ္စအပေါ် ဒေါသထွက်ရကြောင်း ပြသဖို့နဲ့ တရားမျှတမှုကို တောင်းဆိုဖို့ ဘာကူရှိ အီရန်သံအမတ်ကိုလည်း ဆင့်ခေါ်ခဲ့ပါတယ်။
တွစ်တာပေါ်က သီးခြားထုတ်ပြန်ချက် တစ်ခုမှာလည်း အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယဗ် က “အကြမ်းဖက်မှုလုပ်ရပ်” မှာ ပါဝင်ပတ်သက်နေသူတွေကို မြန်မြန်ဆန်ဆန် ပြစ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
တိုက်ခိုက်သူရဲ့ ဇနီးသည်ဟာ အဇာဘိုင်ဂျန်သံရုံးသို့ သွားရောက်ခဲ့ပြီး အိမ်ကို လုံးဝပြန်မလာခဲ့ ကြောင်း၊ သံရုံးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း အဖြေမရခဲ့ဘဲ သူ့ဇနီး သံရုံးထဲမှာ ရှိနေတယ်လို့ ယူဆထားကြောင်း တိုက်ခိုက်သူက ပြောကြားခဲ့တယ်လို့ တီဟီရန်ရှိ ရာဇ၀တ်မှုဆိုင်ရာ ကြီးကြပ်ရေးမှူး တရားသူကြီး မိုဟာမက် ရှားရီယာရီ ကို ကိုးကားပြီး အီရန်ရဲ့ Tasnim သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်သူ အမျိုးသားရဲ့ ဇနီးသည်ဟာ အဇာဘိုင်ဂျန်မှဖြစ်ကြောင်း အီရန်ရဲချုပ်က ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။
အခုလမှာ ဘာကူအစိုးရဟာ အစ္စရေးနိုင်ငံဆိုင်ရာ ပထမဆုံး သံအမတ်ကို ခန့်အပ်ခဲ့ပြီးနောက် အဇာဘိုင်ဂျန်နဲ့ အီရန်တို့ကြား တင်းမာမှုတွေ တိုးလာနေချိန်မှာ အခုဖြစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။