ဂျာမန်အဓိပတိ၏ တောင်အမေရိက ခရီးစဉ်စတင်၊ အာဂျင်တီးနား သမ္မတနှင့် တွေ့ဆုံ

ဂျာမနီနိုင်ငံရဲ့ အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်ဟာ တောင်အမေရိကတိုက် အဖွင့်ခရီးစဉ်အဖြစ် အာဂျင်တီးနားနိုင်ငံကို သွားရောက်ပြီး သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်စ်နဲ့ ဇန်နဝါရီ ၂၈ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
ဆွေးနွေးပွဲမတိုင်ခင် မြို့တော် ဗျူနိုအေးရိစ်မှာရှိတဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆန်မာတင် အထိမ်းအမှတ်နေရာကို အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး ဆန်တီယာဂို ကာဖီရယ်ရိုနဲ့အတူ ရှို့လ်ဇ်က သွားရောက်ဂုဏ်ပြုခဲ့ပါတယ်။
ဆိုရှယ်ဒီမိုကရက် ဝါဒီတဦးဖြစ်တဲ့ ရှို့လ်ဇ်က ဒီ ၃ ရက်တာ တောင်အမေရိကခရီးစဉ်အတွင်း လက်ဝဲဝါဒီခေါင်းဆောင်တွေ အုပ်ချုပ်နေတဲ့ အာဂျင်တီးနား၊ ချီလီနဲ့ ဘရာဇီးလ် စတဲ့ ဒေသတွင်း ထိပ်တန်းစီးပွားရေးနိုင်ငံ ၃ နိုင်ငံကို သွားရောက်ဖို့ရှိနေတာပါ။
လာမယ့်တွေ့ဆုံမှုတွေအတွင်း အဓိကဆွေးနွေးမယ့်အချက်ဟာ ယူကရိန်းစစ်ပွဲအကြောင်း ဖြစ်ပြီး ဒီစစ်ပွဲကနေ ရရှိလာတဲ့ သင်ခန်းစာတွေလည်း ပါဝင်ဦးမှာပါ။
ဒါဟာ ဂျာမန်အစိုးရအတွက် အာဏာရှင်နိုင်ငံတွေအပေါ်မှာ စီးပွားရေးအရ မှီခိုမှု လျှော့ချဖို့ လိုအပ်လာပြီ ဆိုတာကို ပိုသိလာတာကြောင့် ဖြစ်ပါတယ်။
ရုရှားအပေါ်မှာ ဓာတ်ငွေ့အတွက် မှီခိုနေရတဲ့ ဂျာမနီနိုင်ငံဟာ ရုရှားအစိုးရရဲ့ ကျူးကျော်စစ်ကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပြီး ဂျာမနီနိုင်ငံအတွက် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းကို ပေါ်ပေါက်လာစေခဲ့ပါတယ်။
အရေးကြီးတဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံအပေါ် အဓိက မှီခိုနေရမှုကို လျှော့ချနိုင်ဖို့အတွက် ဥရောပတိုက်မှာ အကြီးအကျယ် ပြိုင်ဆိုင်နေကြပြီး ကာဗွန်ကင်းစင်တဲ့ စီးပွားရေးဆီကို အသွင်ကူးပြောင်းနေကြပါပြီ။
ဒီတွင်းထွက်ပစ္စည်းတွေဟာ တောင်အမေရိကတိုက်မှာ ပေါကြွယ်ဝပါတယ်။ အာဂျင်တီးနားနဲ့ ချီလီနိုင်ငံတို့ဟာ အပေါ့ပါးဆုံး ဘက်ထရီထုတ်လုပ်နိုင်တဲ့ သတ္တုကို ပိုင်ဆိုင်ထားတဲ့ တောင်အမေရိကတိုက်ရဲ့ “လီသီယမ်တြိဂံ” ဒေသ ထိပ်ဆုံးပိုင်းမှာ တည်ရှိနေကြပါတယ်။