အိန္ဒိယနှင်းလျှောစီးအပန်းဖြေစခန်းတွင် နှင်းထုကြီးပြိုကျပြီး ၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသ ဂါးလ်မာ့ဂ်မြို့ရဲ့ နာမည်ကျော် နှင်းလျှောစီး အပန်းဖြေစခန်းမှာ ဖေဖော်ဝါရီ ၁ ရက်က နှင်းပြိုကျမှု ဖြစ်ပွားပြီးနောက် နိုင်ငံခြားသား နှင်းလျှောစီးသူ ၂ ဦး သေဆုံးပြီး ၂၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
နှင်းလျှောစီးသူတွေအားလုံးဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပေမဲ့ ရဲတွေကတော့ သူတို့ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
အာဏာပိုင်တွေဟာ တခြားနိုင်ငံခြားသား ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းနဲ့ သေဆုံးခဲ့တဲ့ နှင်းလျှောစီးသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဆေးရုံပို့ဆောင်ထားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က တွစ်တာမှာ ပြောပါတယ်။
ပေ ၂၀ လောက်မြင့်တဲ့ နှင်းထုကြီးတခုက သူတို့အပေါ်ကနေ ပြုတ်ကျလာတာဖြစ်ပြီး ဘေးကြုံလိုက်သူ ၇ ယောက်လောက်ထဲမှာ ၂ ယောက်က သေဆုံးသွားတာလို့ အမည်မသိ မျက်မြင်သက်သေတယောက်က ပြောပါတယ်။
ကက်ရှ်မီးယားတောင်ကုန်းတွေမှာ နှင်းမိုးတွေ ထူထူထဲထဲ ရွာချပြီးတာ ရက်ပိုင်းအကြာလောက်မှာပဲ ဂါးလ်မာ့ဂ်မြို့ရဲ့ အက်ဖှာဝက်ထ် နှင်းလျှောစီးဧရိယာမှာ နှင်းထုပြိုကျမှုကြောင့် နှင်းလျှောစီးသူတွေကို ထိခိုက်မိတာဖြစ်ကြောင်း ဒေသခံရဲအရာရှိ တဦးက ပြောပါတယ်။