အမှုမှလွတ်မြောက်ခဲ့သည့် ဂရင်းဝုဒ်ကို မန်ယူအသင်း လေ့ကျင့်ခန်းဆင်းခွင့်မပေးသေး

အမှုကနေ လွတ်မြောက်ခဲ့တဲ့ ဂရင်းဝုဒ်ကို မန်ယူအသင်းက လေ့ကျင့်ခန်းဆင်းခွင့်မပေးသေးဘူးလို့သိရပါတယ်။
လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလပိုင်းက အမျိုးသမီးတစ်ဦးကို အဓ္ဓမကျင့်ဖို့ကြိုးပမ်းမှု၊ အတင်းအကျပ်ချုပ်ကိုင်မှု၊ ထိခိုက်နာကျင်စေမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
အဲဒီနောက် မန်ယူအသင်းက အသင်းလူစာရင်းကနေထုတ်ပယ်ခဲ့ပြီး ဂရင်းဝုဒ်ဟာလည်း အာမခံနဲ့ တရားရင်ဆိုင်ခဲ့ရတာပါ။
သူဟာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ အဲဒီအမှုတွေ အားလုံးကနေ ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့ပြီး အဓိကသက်သေတွေ နုတ်ထွက်သွားခဲ့တာကြောင့် တာဝန်အရ အမှုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရကြောင်း မန်ချက်စတာတရားရုံရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကဆိုပါတယ်။
မန်ယူအသင်းဟာ ဂရင်းဝုဒ်ကို အသင်းလူစာရင်းထဲကို တခါတည်းထည့် သွင်းလေ့ကျင့်စေမှာမဟုတ်ဘဲ ကစားသမားနဲ့ ဦးစွာဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်သွားမှာပါ။ အဲဒီ အစီအစဉ်တွေလုပ်ဆောင်လို့ မပြီးမချင်း နောက်ထပ်အကြောင်းအရာတွေကို ထုတ်ပြန်နိုင်ဦးမှာမဟုတ်ကြောင်း မန်ယူအသင်းက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။