အီဂျစ်အကျဉ်းထောင်သို့ ခရီးစဉ် ရိုက်ကူးထုတ်လွှင့်သူ ၅ ဦး ဖမ်းဆီးခံရ

အီဂျစ်အကျဉ်းထောင်သို့ ခရီးစဉ်ဆိုပြီး လူကြည့်များခဲ့တဲ့ ဟာသဗီဒီယိုကို လူမှုကွန်ရက်မှာ ထုတ်လွှင့်ခဲ့ပြီးနောက် ဆိုရှယ်မီဒီယာအကြောင်းအရာ ဖန်တီးသူ ၅ ဦးကို အီဂျစ်နိုင်ငံမှာ ဖမ်းဆီးထားကြောင်း ရှေ့နေနှစ်ဦးက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောကြား ပါတယ်။
"The Visit" အမည်ရှိ ဗီဒီယိုကလစ်ထဲမှာ စေ့စပ်ထားသူ အမျိုးသမီးတစ်ဦးဟာ ထောင်တွင်းကို လာရောက်လည်ပတ်ပြီး ထောင်စောင့်တစ်ဦး အပါအဝင် တခြားဇာတ်ကောင်များစွာနဲ့ အော်ဟစ် ပြောဆိုနေကြတာကို ပြသထားပါတယ်။
၃ မိနစ်စာ ဗီဒီယိုကို ဇန်နဝါရီ ၁၃ ရက်က လွှင့်တင်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်မှာ ကြည့်ရှုမှုအကြိမ်ရေ ၇ သန်းကျော် ရှိခဲ့ပါတယ်။
ဗွီဒီယိုထဲက ၅ ယောက်ကို ပြီးခဲ့တဲ့သီတင်းပတ်က အမျိုးသားလုံခြုံရေး အေးဂျင့်တွေကနေ ဖမ်းဆီးခဲ့ပြီး တရားစွဲဖို့ မလွှဲပြောင်းသေးခင် စုံစမ်းစစ်ဆေးမှုတွေကို စောင့်ဆိုင်းနေချိန်အတွင်း ၁၅ ရက်ကြာ ချုပ်နှောင်ထားဖို့ အမိန့်ထုတ်ထားကြောင်း ဖမ်းဆီးခံရသူနှစ်ဦးအတွက် ရှေ့နေတစ်ဦး ဖြစ်သူ မို့ခ်တာ မိုနီယာက ပြောပါတယ်။
သူတို့ထဲမှာ Facebook Follower တစ်သန်းကျော် ရှိတဲ့ Mohamed Hossam နဲ့ TikTok Follower ၂ သိန်းကျော်ရှိတဲ့ Basma Hegazy တို့ ပါဝင်ပါတယ်။
သူတို့ ၅ ဦးဟာ အကြမ်းဖက်အဖွဲ့နဲ့ပူးပေါင်းခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ သတင်းမှားများ ဖြန့်ချိခြင်းနဲ့ အကြမ်းဖက်ဝါဒကို ကျူးလွန်ဖို့အတွက် ဆိုရှယ်မီဒီယာအကောင့် တွေကို အသုံးပြုခြင်း စတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ မိုနီယာက ပြောပါတယ်။
သူတို့ဟာ ဗီဒီယိုဖိုင်ကြောင့် အဖမ်းခံထားရပေမယ့် ဘယ်လိုရှုထောင့် အချက်တွေကြောင့် သူတို့ အဖမ်းခံရတယ် ဆိုတာတော့ မသိဘူးလို့ ဆိုပါတယ်။ မှတ်ချက်ပေးဖို့ တရားရေးအရာရှိတွေကို ချက်ချင်း ဆက်သွယ်လို့ မရပါဘူး။