close

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့မှုအပေါ် ထိုင်းဒုဝန်ကြီးချုပ် ချီးကျူး

ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့မှုကို ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ် ပြည်သူ့ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့ အာနုတင် ချာန်ဝီရာကူးလ်က ချီးကျူးလိုက်ပါတယ်။

ဒီအချက်ဟာ ထိုင်းနိုင်ငံအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မယ့် အခွင့်အရေးတွေကို ဆောင်ကြဉ်းပေးတယ်လို့လည်း သူကပြောပါတယ်။

တရုတ် ကမ္ဘာလုံးဆိုင်ရာ ရုပ်သံကွန်ရက် (CGTN) နဲ့ လူတွေ့မေးမြန်းခန်းအတွင်း တရုတ်နဲ့ ထိုင်းကြား အပြန်အလှန်ယုံကြည်ရေး နက်နဲသိမ်မွေ့မှုကို အာနုတင်က မီးမောင်းထိုးပြခဲ့တာပါ။

ဒေသတွင်း အားလုံးပါဝင်တဲ့ စီးပွားရေး မိတ်ဘက်သဘောတူညီချက် (RCEP) က ၂၀၂၂ မှာ အသက်ဝင်လာခဲ့ပြီးတဲ့နောက် တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား အပြန်အလှန် ကုန်သွယ်ရေးစနစ်အပေါ် မှတ်ချက်ပေး ပြောကြားခဲ့တာပါ။

ထိုင်းနဲ့ တရုတ်ကြား ပင်လယ်ရေကြောင်း၊ မဲခေါင်မြစ်ရိုးတလျှောက် ကုန်းတွင်းရေကြောင်းနဲ့ လာအိုနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရထားလမ်းအပါအဝင် သယ်ယူပို့ဆောင်ရေးဟာ ၂ နိုင်ငံကြား ကုန်သွယ်ရေးပမာဏ တိုးလာစေဖို့ ပြင်ဆင်ထားတဲ့အရာတွေဖြစ်ပြီး ၂ နိုင်ငံကြား အားကောင်းခိုင်မာတဲ့ ဆက်ဆံရေးအတွက် အရေးကြီးတဲ့ အုတ်မြစ်လို့လည်း အာနုတင်က ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ လက်မှတ်ထိုး အသက်ဝင်ထားတဲ့ RCEP သဘောတူညီချက်ဟာ ခုချိန်အထိတော့ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက် ဖြစ်ပါတယ်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့နဲ့အတူ လွတ်လပ်စွာ ကုန်သွယ်ရေး မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေပါတဲ့ ဒီဒေသတွင်းမှာ စုစုပေါင်း ပြည်တွင်းထုတ်ကုန် ၃၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

Up