close

တူရကီနှင့် ဆီးရီးယားတွင် အင်အားပြင်းငလျင်လှုပ်ပြီး သေဆုံးသူအနည်းဆုံး ၃၅၀ ကျော်ရှိလာ

တူရကီနဲ့ ဆီးရီးယား ၂ နိုင်ငံနယ်စပ်ဒေသမှာ နှစ် ၁၀၀ ကျော်အတွင်း အင်အားအပြင်းဆုံး မြေငလျင်တခု ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် မနက် ၄ နာရီလောက် လှုပ်ခတ်ခဲ့ပြီး  ဒီမနက်အထိ သေဆုံးသူပေါင်း ၃၅၀ ကျော်ရှိနေပြီး သေဆုံးဒဏ်ရာရသူအရေအတွက် အချိန်နဲ့အမျှ ထပ်တိုးလာနိုင်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိ ငလျင်ဟာ တူရကီနဲ့ ဆီးရီးယား ၂ နိုင်ငံနယ်စပ် တူရကီနိုင်ငံ တောင်ဘက်ခြမ်းက ဂါဇီယံတပ်ပြည်နယ် နာဒါဂီမြို့အရှေ့ပိုင်းမှာ မြေအောက်အနက် ၁၄ ဒသမ ၉ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိစစ်တမ်းဌာနက ပြောပါတယ်။

တူရကီ၊ ဆီးရီးယား၊ ဆိုက်ပရပ်စ်နဲ့ လက်ဘနွန်နိုင်ငံတွေ ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ငလျင်ကြောင့် လောလောဆယ်အထိ တူရကီမှာ လူ ၇၆ ယောက်ထက်မနည်း သေဆုံးကာ ဆီးရီးယားမှာ လူအယောက် ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

တူရကီမှာ လူအယောက် ၄၄၀ ကျော် ဒဏ်ရာရတယ်လို့ ကပ်ဘေးစီမံခန့်ခွဲရေးအေဂျင်စီ AFAD က ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေက အမှောင်ထဲမှာ ဓာတ်မီးတွေကိုသုံးပြီး ရှာဖွေကယ်ဆယ်နေတာကို မြင်ရပါတယ်။

ဆိုးဆိုးရွားရွား ပျက်စီးပြိုကျနေတဲ့ အဆောက်အဦတွေရဲ့ သတင်းအချက်အလက်တွေကို ရထားလို့ အိမ်ပျက်တွေကနေ ဘေးလွတ်ရာရွှေ့ကြဖို့ ဒေသခံတွေကို တိုက်တွန်းထားတယ်။

ငလျင်ဘေးကူညီကယ်ဆယ်ရေလုပ်ငန်းတွေအတွက် ဒေသတွင်းမှာ အရင်းအမြစ်တွေကို စုဆောင်းနေပြီလို့ တူရကီ ကြက်ခြေနီအသင်း အကြီးအကဲက ပြောပါတယ်။

အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာတော့ လူအယောက် ၆၃၀ ကျော် ဒဏ်ရာရတယ်လို့ ဆီးရီးယား အစိုးရသတင်းဌာန ဆာနာက ကျန်းမာရေးဝန်ကြီးဌာန အရာရှိတယောက်ကို ကိုးကားဖော်ပြပါတယ်။

ဒါဇင်နဲ့ချီတဲ့လူတွေ ဆီးရီးယားနိုင်ငံတွင်းက အဆောက်အဦ အပြိုအပျက်တွေအောက်မှာ ပိတ်မိနေတုန်းပဲလို့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ဦးထုပ်ဖြူအုပ်စုက ပြောပါတယ်။

ငလျင်လှုပ်ချိန်ဟာ ဒေသခံတွေ အိပ်ပျော်နေချိန်ဖြစ်လို့ ငလျင်အတွက် ကြိုတင်ပြင်ဆင်တာ လုပ်နိုင်ခဲ့ပုံမရှိဘူးလို့ မီဒီယာတွေက သုံးသပ်ပါတယ်။

Up