အာဂျင်တီးနားတွင် လူသတ်မှုကျူးလွန်ခဲ့သည့် ရပ်ဂ်ဘီကစားသမား ၅ ဦးကို ထောင်ဒဏ်တသက်ချ

အာဂျင်တီးနားတရားရုံးဟာ ဖေဖော်ဝါရီ ၆ ရက်က ဆယ်ကျော်သက် ဖှာနန်ဒို ဘဲ့ဇ်ဆိုဆာကို သတ်ဖြတ်ခဲ့တဲ့ နာမည်ကြီးလူသတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ ရပ်ဂ်ဘီကစားသမား ၅ ဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပြီး တခြား ၃ ဦးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။
မှုခင်းဖြစ်ပွားပြီးနောက် ၃ နှစ်နဲ့ ၁၇ ရက်အကြာမှာ ရုံးတင်စစ်ဆေးမှု ပြီးဆုံးခဲ့တာဖြစ်ပြီး အဓိကတရားခံတွေကို တသက်တကျွန်း စီရင်ချက်ချခဲ့ပြီးတော့ ဒီအမှုထဲက တဆင့်ခံ ကျူးလွန်ရာမှာ ပါဝင်သူတွေကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တာပါ။
၂၀၂၀ ခုနှစ်က အသက် ၁၉ နှစ်အရွယ် ဖှာနန်ဒို ဘဲ့ဇ်ဆိုဆာကို သတ်ဖြတ်မှုဟာ တောင်အမေရိကနိုင်ငံကို တုန်လှုပ်သွားစေခဲ့ပါတယ်။
ဗြူနိုအေရီးစ်ပြည်နယ်ရှိ ဗီလာဂေဆဲလ် ကမ်းရိုးတန်း အပန်းဖြေစခန်းမှာ ဆိုဆာဟာ ရပ်ဂ်ဘီကစားသမားတွေနဲ့ စကားများ ရန်ဖြစ်နေချိန်အတွင်း ရိုက်နှက်ခံခဲ့ရပါတယ်။
အဲဒီအချိန် ဒဏ်ရာအပြင်းအထန်နဲ့ မြေကြီးပေါ်မှာ လဲကျနေတာတောင်မှ သူ့ကို ရန်လိုသူတွေဟာ ဝိုင်းဖွဲ့တိုက်ခိုက်ခဲ့ကြတဲ့အတွက် ဘဲ့ဇ်ဆိုဆာဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှာ ဦးနှောက်ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။