close

နီကာရာဂွါက နိုင်ငံရေးအကျဉ်းသား ၂၀၀ ပြန်လွှတ်ပေးပြီး အမေရိကန်သို့ ပို့ဆောင်

နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး အမေရိကန်ကို ပို့ဆောင်လိုက်ကြောင်း နီကာရာဂွါ တရားရေးဌာနက ဖေဖော်ဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သစ္စာဖောက်လို့ သတ်မှတ်ခံရတဲ့ အကျဉ်းသား ၂၂၂ ဦးကို ပြည်နှင်ဒဏ်လိုက် ပေးကြောင်း နီကာရာဂွါ တရားစီရင်ရေး အဖွဲ့ဝင်တဦးက ရုပ်မြင်သံကြား ထုတ်ပြန်ချက်တခုမှာကြေညာခဲ့တာပါ။

နီကာရာဂွါအစိုးရဟာ လူ ၂၂၂ ဦးကို လွှတ်ပေးဖို့ တဖက်သတ် ဆုံးဖြတ်ခဲ့ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုက သယ်ယူပို့ဆောင်ရေးကို စီစဉ်ပေးခဲ့ကြောင်း အမေရိကန် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။

လတ်တလောနှစ်တွေအတွင်း သမ္မတ ဒန်နီရယ် အော်‌တေဂါ အစိုးရအဖွဲ့ဟာ အတိုက်အခံတွေ၊ ဂျာနယ်လစ်တွေနဲ့ ဘာသာရေးခေါင်းဆောင် ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး သူတို့ထဲက တချို့ဟာ ၂၀၁၈ ခုနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။

လွတ်မြောက်လာသူတွေထဲမှာ သမ္မတလောင်း ကိုယ်စားလှယ်ဟောင်း ၅ ဦးနဲ့ ထင်ရှားတဲ့ ကျောင်းသားတက်ကြွလှုပ်ရှားသူ လက်စ်သာ အလေမန်တို့ ပါဝင်ကြောင်း နီကာရာဂွါ တရားစီရင်ရေး မှတ်တမ်းအရ သိရပါတယ်။

အကျဉ်းသားဟောင်းတွေဟာ ကြာသပတေးနေ့ မနက်ပိုင်းမှာတော့ ဝါရှင်တန်အနီးရှိ ဒါးလက်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက အဲဒီလူတွေကို အမေရိကန်ရှိ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ ချိတ်ဆက်ကူညီပေးသွားမှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သုံးသပ်ထားတဲ့ အမေရိကန် အရာရှိတွေရဲ့ အီးမေးလ်တစောင်အရ သိရပါတယ်။

ရောက်ရှိလာသူအားလုံးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ငန်းစဉ်ကို ဖြတ်သန်းသွားရမှာဖြစ်ကြောင်း ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Up