ယူကရိန်းကို အီးယူက စစ်ရေးအထောက်အပံ့ ပိုပေးမည်၊ တိုက်လေယာဉ်ထောက်ပံ့ရန် နေတိုးဆုံးဖြတ်ချက်အပေါ်မူတည်ဟု ပိုလန်ပြော

ဥရောပသမဂ္ဂ (အီးယူ)ဟာ ယူကရိန်းနိုင်ငံကို စစ်ရေးအရ အထောက်အပံ့တွေ ပိုပေးမယ်လို့ အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ်က အီးယူထိပ်သီးအစည်းအဝေးအတွက် အီးယူခေါင်းဆောင်တွေရောက်လာချိန် ဖေဖော်ဝါရီ ၈ ရက်မှာ သတင်းထောက်တွေကိုအတည်ပြု ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ရုရှားကိုတိုက်ခိုက်ရာမှာ လက်နက်တွေ ပိုရဖို့နဲ့ သူ့ရဲ့ နိုင်ငံအတွက် အီးယူအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲတွေ အမြန်စတင်ဖို့ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ ဥရောပခေါင်းဆောင်တွေကို စည်းရုံးဖို့ ပြင်ဆင်နေပါတယ်။
ဇလန်းစကီးဟာ စစ်လေယာဉ်တွေနဲ့ တာဝေးပစ် ဒုံးပျံတွေအတွက် တောင်းဆိုမှုကို ကျေနပ်စေမယ့် သီးခြားကတိကဝတ်တွေလောက်နဲ့ ထိပ်သီးညီလာခံကနေ ပြန်သွားရမယ့်ပုံ မပေါ်ပေမဲ့ သူ့အလည်အပတ် ခရီးဟာ သူကိုယ်တိုင် သူ့ကိစ္စကို ကြိုးစားဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။
နယ်သာလန်ကတော့ ယူကရိန်းအတွက် ဘယ်လိုစစ်ရေး ထောက်ပံ့မှုမျိုးကိုမျှ ပယ်ချမှာ မဟုတ်ဘူးလို့ နယ်သာလန်ဝန်ကြီးချုပ်က အီးယူထိပ်သီးအစည်းအဝေးအတွက် ဘရပ်ဆဲလ်မြို့ကို ရောက်နေတုန်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အက်စ်တိုးနီးယားဝန်ကြီးချုပ် ကာဂျာ ကာလက်စ်က အီးယူအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းအတွက် လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပူးတွဲဝယ်ယူသင့်တယ်လို့ ပြောပါတယ်။
အီးယူအဖွဲ့ဝင်ဖြစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းတာဝန်ရှိသူတွေဟာ လပိုင်းအတွင်း အဖွဲ့ဝင် ဖြစ်ရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ တွန်းအားပေးနေပါတယ်။
ဒါပေမဲ့ တချို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို အဖွဲ့ဝင်ဖြစ်မှုဆိုင်ရာ ဆွေးနွေးပွဲ တွေနဲ့အတူ ဖြစ်လာမယ့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် စိတ်အားထက်သန် နေပေမယ့် တချို့ကတော့ ပိုသတိထားကြပါတယ်။
စေ့စပ်ညှိနှိုင်းမှု မစတင်မီ အကျင့်ပျက်ခြစားမှုကို နှိမ်နင်းခြင်းလိုမျိုး စံသတ်မှတ်ချက် အများကြီး ပြည့်မီဖို့ လိုအပ်တယ်လို့ သူတို့က အလေးပေးပြောထားပါတယ်။
လတ်ဗီးယားဝန်ကြီးချုပ်က"ကျနော်တို့က ယူကရိန်းပြည်သူတွေကို အမှန်တကယ်လိုချင်တယ်ဆိုတာ အလင်းပြဖို့ တရားဝင်စေ့စပ် ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို အမှန်တကယ် လမ်းဖွင့်ရေး လုပ်ဆောင်ချက်ဟာ ကျနော်တို့ရဲ့ အကျိုးစိးပွားပဲလို့ထင်ပါတယ်"လို့ ဘရပ်ဆဲလ်ကို ရောက်နေချိန်မှာ ပြောခဲ့ပါတယ်။
ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့ပေးတာနဲ့ ပတ်သက်လို့ ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို နေတိုးအဖွဲ့ တစ်ခုလုံးက ဆုံးဖြတ်ရမှာဖြစ်ပြီး ပိုလန်နိုင်ငံက ဒီလေယာဉ်တွေကို ပထမဆုံး ထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ ပိုလန်ဝန်ကြီးချုပ်ကလည်း ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး မတိုင်မီ ဖေဖော်ဝါရီ ၉ ရက်က ပြောလိုက်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားရဲ့ ထိုးစစ်ကို တွန်းလှန်ရာမှာ အနောက်နိုင်ငံတွေရဲ့ တုံ့ဆိုင်းမှုကို ကျော်လွှားဖို့ ကြိုးပမ်းရင်း ယူကရိန်းကို တိုက်ခိုက်ရေး လေယာဉ်တွေ စေလွှတ်ဖို့ မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
ပိုလန်ဝန်ကြီးချုပ်က "ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ နေတိုးဖွဲ့စည်းမှုတစ်ရပ်လုံးကသာ လုပ်ဆောင်နိုင်ပါတယ်"လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပိုလန်ဟာတိုက်လေယာဉ်တွေကို ပထမဆုံး လွှဲပြောင်းပေးမယ့်သူတွေမဟုတ်ပေမဲ့ ဒီဂျက်လေယာဉ်အများစုရှိတဲ့သူတွေထဲက ယူကရိန်းကို ပေးနိုင်မယ့်သူကို အပြုသဘောနဲ့ တုံ့ပြန်သွားမှာပါလို့လည်း ဆက်ပြောပါတယ်။
ပိုလန်မှာ ယူကရိန်းကို ပထမဆုံး ထောက်ပံ့ဖို့ တိုက်လေယာဉ် လုံလောက်အောင် မရှိဘဲ လုံခြုံရေးကို အားနည်းစေမယ့် ခြေလှမ်းတွေကို မလှမ်းနိုင်ဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရုရှားနိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူဖို့ အရေးကြီးတယ်လို့လည်း သူက အလေးအနက် ပြောခဲ့ပြီး ဒီအရေးကို လာမည့် နှစ်ပတ်အတွင်း သဘောတူမယ်လို့ ပြောခဲ့ပါတယ်။