ယူကရိန်းကို အားကောင်းခိုင်မာသည့် အကူအညီပေးမည်ဟု အီးယူ ကတိပြု

ဥရောပသမဂ္ဂဟာ၊ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းနိုင်ငံအတွက် အားကောင်းခိုင်မာတဲ့ ပံ့ပိုးကူညီမှုကို ပေးမယ်လို့ ကတိပြုခဲ့ပြီး ချမ်းသာတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ယူကရိန်းနိုင်ငံ ဝင်ရောက်ဖို့ "တင်းကျပ်တဲ့ အချိန်ဇယား" ကိုလည်း မသတ်မှတ်ထားဘဲ အခွင့်ပေးခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားက ကျူးကျော်တာကို ခံရအပြီး မကြာခင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ လျှောက်ထားခဲ့ပြီး ဝင်ခွင့်ရရေး တရားဝင် ဆွေးနွေးပွဲတွေ တတ်နိုင်သမျှ အမြန်ဆုံး စတင်ဖို့လည်း လိုလားနေပါတယ်။
အဖွဲ့ဝင်ဖြစ်ရေး တင်းကျပ်တဲ့ အချိန်ဇယားတွေ မရှိပေမဲ့ လုပ်ဆောင်ရမယ့် ရည်မှန်းချက်တွေ ရှိတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ကိယက်ဗ်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ဖေဖော်ဝါရီ ၃ရက်က ပြောခဲ့ပါတယ်။
အီးယူအဖွဲ့ဝင် ဖြစ်ရေးအတွက် ယူကရိန်းဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပိုတိုးလုပ်ဆောင်ဖို့၊ တရားစီရင်ရာမှာ နိုင်ငံရေးအရ စွက်ဖက်နေတာကနေ ကင်းလွတ်အောင် ပြုပြင်ပြောင်းလဲဖို့နဲ့ စီးပွားရေး အားဖြည့်ဖို့ လိုတယ်လို့ အီးယူက ပြောပါတယ်။
ရုရှားက အခုလအတွင်းအကြီးအကျယ် ထိုးစစ်ဆင်နွှဲနိုင်တယ်ဆိုတာကို ယူကရိန်းဘက်က မျှော်လင့်ထားပြီး အနောက်နိုင်ငံတွေရဲ့ စစ်လက်နက်တွေ အချိန်မီရောက်မှာ မဟုတ်ပေမဲ့ ယူကရိန်းအစိုးရက ရုရှားစစ်တပ်တွေကို ထိန်းထားဖို့ရှိနေတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားဟာ သူ့ရဲ့ ကျူးကျော်မှု ပထမနှစ်ပတ်လည်နေ့မှာ အကြောင်းပြချက်တွေနဲ့ ထိုးစစ်အသစ်ကို စတင်နိုင်ပေမယ့် သူ့ရဲ့ အရင်းအမြစ်တွေကတော့ စစ်ရေးအမြင်အရ အဆင်သင့် မဖြစ်သေးဘူးလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ဇီ ရဲ့ဇ်နီကို့ဗ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရုရှားအစိုးရဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်ဖို့ ယူကရိန်းအရှေ့ပိုင်းမှာ ထပ်တိုးချီတက်လာနေတာပါ။ ရုရှားဟာ ကြီးမားတဲ့ စက်မှုလုပ်ငန်းနယ်မြေ ဒွန်ဘတ်စ်ဒေသအားလုံးကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေလို့ အရှေ့ဘက်မှာ ထိုးစစ်ဆင်နိုင်စရာရှိတယ်လို့ ရဲ့ဇ်နီကို့ဗ်က ပြောပါတယ်။
ဘီလာရုစ်နိုင်ငံထဲက စစ်အခြေစိုက်စခန်းတွေမှာ ရုရှားတပ်ဖွဲ့ဝင် ၁၂,၀၀၀ ရှိပြီး ဒီအရေအတွက်ဟာ ဘီလာရုစ်ကနေ ယူကရိန်းရဲ့ မြောက်ပိုင်းကို သိသိသာသာ ထိုးစစ်ဆင်ဖို့ မလုံလောက်ဘဲ ရှေ့တန်းစစ်မျက်နှာအသစ်ကို ပြန်ဖွင့်တာပဲ ဖြစ်မယ်လို့လည်း ရဲ့ဇ်နီကို့ဗ်က ခန့်မှန်းထားပါတယ်။