close

ဂျာမနီ၊ ဒိန်းမတ်နှင့် နယ်သာလန်တို့က ယူကရိန်းကို တင့်ကားများပေးပို့မည်

ဂျာမနီ၊ ဒိန်းမတ်နဲ့ နယ်သာလန်တို့ဟာ စက်မှုလုပ်ငန်း လက်ကျန်စတော့တွေကနေ Leopard 1 တင့်ကားတွေကို ပြန်ယူဖို့ ရန်ပုံငွေတွေကို စုစည်းထားမှာဖြစ်ပြီး အဲဒါတွေကို လာမယ့်လတွေအတွင်း ကိယက်ဗ်ကို ထောက်ပံ့ပေးမယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ ကြေညာလိုက်ပါတယ်။

ယူကရိန်းမှာ ဂဏန်း ၂ လုံးပါရှိတဲ့ Leopard 1 တင့်ကားတွေ မတ်လမှာ ရောက်ရှိနေဖို့ မျှော်လင့်ထားကြောင်း ဂျာမနီ ဒုတိယအဓိပတိနဲ့ စီးပွားရေးဝန်ကြီး ရောဘတ်ဟာဘခ်က ဝါရှင်တန်ကို ဖေဖော်ဝါရီ ၇ ရက်က လာရောက်ချိန်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တရားဝင်ခွင့်ပြုထားတဲ့ တင့်ကား ၁၇၈ စီးထဲက ဘယ်လောက်ပေးပို့မယ် ဆိုတာတော့ သေချာမပြောသေးပါဘူး။

“တိုက်ပွဲဝင်ဖို့အတွက် ပြုပြင်မှုတချို့ လိုအပ်တာကြောင့် ပြန်မွမ်းမံချိန်ညှိရမှာ ဖြစ်ပေမဲ့လည်း ရုရှားနွေဦးထိုးစစ်ကို ချေမှုန်းဖို့အတွက် ဒီမှာရရှိနိုင်မယ့် အရေအတွက် များများရှိတယ်” လို့ ဟာဘခ်က ပြောပါတယ်။

နှစ်သစ်ကူးပြီးကတည်းက အနောက်နိုင်ငံတွေဟာ ရုရှားတပ်တွေကို ဖြတ်ပြီး နယ်မြေတွေကို ဒီနှစ်နှောင်းပိုင်းမှာ ပြန်သိမ်းဖို့အတွက် ပစ်ခတ်မှုစွမ်းအားနဲ့ ရှေ့ကိုချီတက်နိုင်စေဖို့ ရာနဲ့ချီတဲ့ တင့်ကားတွေနဲ့ သံချပ်ကာကားတွေကို ယူကရိန်းကိုပေးပို့မယ်လို့ ကတိပြုခဲ့ကြပါတယ်။

ဂျာမနီ၊ ဒိန်းမတ်နဲ့ နယ်သာလန်တို့ဟာ သူတို့ရဲ့ Leopard 1 တင့်ကားတွေ ကနဦးပေးပို့မှုဟာ နောက်ထပ် မိတ်ဘက်တွေအတွက် လမ်းဖွင့်ထားတာဖြစ်ပြီး ဘယ်လ်ဂျီယံက ပါဝင်ဖို့ အစဦး စိတ်ဝင်စားမှု ပြသခဲ့ကြောင်း ပြောပါတယ်။

ဂျာမန် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ရိုင်းန်မေတဲလ်က အခုနှစ်မှာ ယူကရိန်းကို Leopard တင့်ကား အစီး ၂၀-၂၅ လောက်အထိ ပေးပို့မှာဖြစ်ပြီး ကျန်ရှိတဲ့ Leopard 1 တင့်ကား ၈၈ စီးကို လာမယ့်နှစ်မှာ ပေးပို့မယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာဖိအားတွေ မြင့်တက်နေချိန်မှာ ပိုခေတ်မီတဲ့ Leopard 2 တိုက်ပွဲဝင် တင့်ကားတွေကို စစ်တပ်သိုလှောင်ထားမှုကနေ ပေးပို့ဖို့ ဂျာမနီအစိုးရဟာ ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Up