တူရကီနှင့် ဆီးရီးယားနယ်စပ်တွင် ပြင်းအား ၆ ဒသမ ၃ ရှိ ငလျင်ထပ်လှုပ်၊ သေဆုံးသူထပ်တိုး

တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ ထပ်မံလှုပ်ခတ်ခဲ့တဲ့ နောက်ထပ် အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၈ ဦး ထပ်ပြီးသေဆုံးခဲ့တယ်လို့ တူရကီအာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
လူပေါင်း ၄၇,၀၀၀ ထက်မနည်း သေဆုံးပြီး အိုးအိမ်ပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့တဲ့ ငလျင်ကြီးတခု လှုပ်ခတ်သွားပြီးနောက် ၂ ပတ်အကြာ ဖေဖော်ဝါရီ ၂၀ ရက်က ပြင်းအား ၆ ဒသမ ၃ ရစ်ချ်တာစကေးရှိ ငလျင်ဟာ တူရကီတောင်ပိုင်း အန်တာကီမြို့အနီးမှာ ဗဟိုပြုပြီး ဆီးရီးယား၊ အီဂျစ်နဲ့ လက်ဘနွန်တို့မှာ လှုပ်ခတ်ခဲ့တာပါ။
မြေပြင်အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး မြေပြင်အဆင့်မှာ သူ့ရဲ့သက်ရောက်မှုကို ချဲ့ထွင်နိုင်ကြောင်းလည်း ဥရောပ မြေထဲပင်လယ် ငလျင်ဆိုင်ရာစင်တာ (EMSC) က ပြောပါတယ်။
တူရကီကျန်းမာရေးဝန်ကြီး ဖာရ်ဟတ်တင်န် ကိုးဂျာက ပြောကြားရာမှာ တနင်္လာနေ့ ညနေပိုင်းက ငလျင်ကြောင့် လူ ၂၉၄ ဦး ဒဏ်ရာရခဲ့တဲ့အထဲမှာ ၁၈ ဦးက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားလို့ အဒါနာနဲ့ ဒေါ့ဂျိုလ်ရှိ ဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့သီတင်း ၂ ပတ်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူဦးရေဟာ တူရကီမှာပဲ ၄၁,၁၅၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း နိုင်ငံရဲ့ သဘာဝဘေးနဲ့ အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ AFAD က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောကြားခဲ့ပြီး နောက်ပိုင်း ထပ်တိုးလာမယ်လို့ မှန်းထားကြောင်း သိရပါတယ်။