တန်ဟတ်ဂ်ဟာ မန်ယူအသင်းကို အောင်နိုင်သူအဖြစ် ပြောင်းလဲနိုင်ခဲ့ဟု နဗီးလ်ချီးကျူး

နည်းပြတန်ဟတ်ဂ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အောင်နိုင်သူအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြောင်း ကစားသမားဟောင်းဖြစ်သူ ဂယ်ရီနဗီးလ်က ပြောပါတယ်။
တန်ဟတ်ဂ်ဟာ ယူနိုက်တက်အသင်းကို ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားတစ်လုံး ရယူပေးနိုင်ခဲ့ပြီးနောက်မှာ နည်းပြတန်ဟတ်ဂ်ကို နဗီးလ်က ချီးကျူးခဲ့တာပါ။
မန်ယူအသင်းသားတွေမှာ မဆုတ်မနစ်ကြိုးစားမှုနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ရှိပြီး နည်းပြတန်ဟတ်ဂ်ဟာလည်း ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေပြုလုပ်ကာ အသင်းကို ညည်းညူသူတွေအဖြစ်ကနေ အောင်နိုင်သူတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း နဗီးလ်ကပြောပါတယ်။
မန်ယူအသင်းဟာ မနှစ်ကရာသီက အသင်းအတွင်းမှာ စည်းလုံးမှုပြိုကွဲမှုတွေရှိခဲ့ပြီး အုပ်စုတွေလည်းကွဲခဲ့ကြောင်း၊ အခုနှစ်ရာသီမှာ နည်းပြတန်ဟတ်ရဲ့ စုစည်းပေးနိုင်မှုဟာ မယုံကြည်နိုင်စရာကောင်းကြောင်း နဗီးလ်ကစကိုင်းစပေါ့ရုပ်သံကနေ ချီးကျူးသွားခဲ့ပါတယ်။