close

ဟောင်ကောင်တွင် ဆောက်လုပ်ဆဲ မိုးမျှော်တိုက် မီးလောင်

ဟောင်ကောင်ကျွန်းရဲ့ ခြင်ဆာချေဧရိယာမှာ မတ်လ ၃ ရက် အစောပိုင်းက ဆောက်လုပ်ဆဲ မိုးမျှော်တိုက်ရဲ့ အပေါ်ထပ်တလျှောက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးအနား အဆောက်အအုံတွေကို ကူးစက်ခဲ့ပါတယ်။

မီးလောင်တဲ့နေရာဟာ မရီနာကလပ်အဟောင်းနေရာရှိ ပြန်လည်ပြင်ဆင်ရေး စီမံကိန်းတခုရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း ရိုက်တာ မျက်မြင်သက်သေတွေက ပြောပါတယ်။

မီးလောင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အပျက်အစီးတွေ ပြိုကျခဲ့လို့ အနီးနားရှိ အဆောက်အဦတွေမှာ အသေးစား မီးလောင်မှုတွေ ဖြစ်ခဲ့ရပြီး အရေးပေါ်ကူညီရေး အဖွဲ့တွေက အမြန်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဟောင်ကောင်မီးသတ်ဌာနက ထုတ်ပြန်တဲ့ အများပြည်သူ သတိပေးချက်မှာတော့ မီးခိုးငွေ့ကြောင့် ထိခိုက်ခံစားရတဲ့ ဒေသခံတွေကို သူတို့ရဲ့ အိမ်တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားကြဖို့ အကြံပြုထားပြီး ဒေသခံမီဒီယာတွေကတော့ အဲဒီဧရိယာမှာ နေထိုင်သူ ၁၇၀ ကျော်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဖော်ပြပါတယ်။

မီးငြှိမ်းသတ်ရာမှာ မီးသတ်စက် ၆၆ လုံး၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူနာတင်ယာဉ်ဝန်ထမ်း အပါအဝင် စုစုပေါင်း အယောက် ၂၅၀ နဲ့ ငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်တဲ့နေရာကို မောင်းသူမဲ့လေယာဉ်နဲ့ ထောက်လှမ်းမှုတွေ လုက်ဆောင်ခဲ့ကြောင်း ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးပေမဲ့ အသေအပျောက်တော့ မရှိပါဘူး။

မိုးမျှော်တိုက် မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

Up