close

နျူစောင့်ကြည့်ရေးကိရိယာပြန်တပ်ရန် IAEA နှင့် အီရန်တို့ သဘောတူ

အီရန်အစိုးရနဲ့ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တို့ကြား သဘောတူညီချက်အသစ်ထဲမှာ စောင့်ကြည့်ရေးကိရိယာတွေ ပြန်တပ်ဆင်ဖို့ပါဝင်တယ်လို့  IAEA ရဲ့ အကြီးအကဲ ရာဖယ်လ် ဂရိုဇီက မတ် ၄ ရက်မှာ ပြောပါတယ်။

မကြေညာရသေးတဲ့နေရာတွေမှာ ယူရေနီယံ သဲလွန်စတွေကို စုံစမ်းစစ်ဆေးရာမှာ စိတ်ဝင်စားသူတွေ ဝင်ရောက်ခွင့်ရရှိရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံဆီသွားခဲ့တဲ့ ဂရိုဇီက မြို့တော် တီဟီရန်ကနေ ပြန်လာချိန်မှာ ထုတ်ပြန်တဲ့ ပူးတွဲကြေညာ ချက်နဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေ အင်မတန် မြန်မြန် ဖြစ်လာတော့မယ်လို့လည်း သူက ပြောခဲ့ပါတယ်။ 

ဂရိုဇီဟာ အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို မတ် ၄ ရက်က တီဟီရန်မြို့တော်မှာ လာရောက် တွေ့ဆုံခဲ့တာပါ။

အဏုမြူလက်နက်အဆင့်နှင့် နီးစပ်တဲ့ ယူရေနီယံ သဲလွန်စတွေ ရှိနေတယ်ဆိုတဲ့ အီရန် နိုင်ငံက မကြေညာရသေးတဲ့ နေရာတွေကို စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းဆောင်ရွက်ရေး သံတမန်တွေ အနေနဲ့ တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့ သူကပြောပါတယ်။ 

အလုပ်၊ ရိုးသားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အငွေ့အသက်တခုထဲမှာ ဆွေးနွေးနေတာလို့လည်း ဂရိုစီက မတ် ၄ ရက်က ပြောခဲ့ပါတယ်။

အီရန်ရဲ့ မြေအောက်မှာရှိတဲ့ ဖှိုးဒေါင် နျူကလီးယား သန့်စင်ရေး စက်ရုံထဲမှာ ၈၃ ဒသမ ၇ ရာခိုင်နှုန်း အထိ သန့်စင်ကြွယ်ဝတဲ့ ယူရေနီယံ အမှုန်အမွှားတွေရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး အီရန်နဲ့ ဆက်သွယ်ပြီးတဲ့နောက် သူ့ခရီးစဉ် ပေါ်ပေါက်လာတာလို့ IAEA ရဲ့ အစီရင်ခံစာထဲမှာ တွေ့ရပါတယ်။

၉၀ ရာခိုင်နှုန်းနီးပါးအထိ သန့်စင်တဲ့ ယူရေနီယံ အမှုန်တွေကိုတော့ နျူကလီးယား လက်နက် တပ်ဆင်မှုအတွက် သုံးနိုင်တဲ့ အဆင့်လို့ သတ်မှတ်ထားကြပါတယ်။

Up